ရီးယဲလ် မက်ဒရစ်အသင်းရဲ့ အရန် ကစားသမားတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး ဟိုဆယ်လူကတော့ တစ်ချိန်က ရီးယဲလ်အသင်းကို အားပေးခဲ့သူ ဖြစ်ခဲ့ရာကနေ အခုတော့ ရီးယဲလ်မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကစားရင်းနဲ့ အသင်းကိုပါ ချန်ပီယံလိဂ် ဖိုင်နယ်အဆင့်ထိ ပို့ဆောင်နိုင်ခဲ့သူလည်း ဖြစ်လာခဲ့ရပါတယ်။

ဟိုဆယ်လူဟာ ဂျာမနီနိုင်ငံ စတုဂတ်မြို့မှာ မွေးဖွားခဲ့သူ ဖြစ်ပေမယ့်လည်း သူ့အသက် (၄)နှစ်သားလောက်မှာပဲ စပိန်နိုင်ငံဆီ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ဆယ်လ်တာဗီဂို လူငယ်အသင်းမှာ ပါဝင်ခဲ့ရင်း ဆယ်လ်တာဗီဂိုမှာပဲ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ၂၀၀၉ခုနှစ်မှာတော့ ရီးယဲလ် အရန်အသင်းဆီ ရောက်ရှိခဲ့ရင်း (၂)ရာသီအတွင်း ဂိုး (၄၀)အထိတောင် သွင်းယူခဲ့ပါတယ်။

Photo Credit : beIN SPORTS

ဒါပေမယ့် ဟိုဆယ်လူက ရီးယဲလ် အသင်းကြီးမှာ နေရာမရခဲ့ပဲ ဆယ်လ်တာဆီ အငှားနဲ့ ပြန်ခဲ့ရသလို အဲ့ဒီနောက်မှာလည်း ဟော်ဖန်ဟင်မ် ဖရန့်ဖတ် ဟန်နိုဗာတို့လို ဂျာမန်ကလပ်အသင်းတွေဆီပါ ထပ်မံ ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။ ၂၀၁၅မှာတော့ ဟိုဆယ်လူက စတုတ်စီးတီးအသင်းဆီ ပြောင်းရွှေ့ခဲ့ရင်း ပရီးမီးယားလိဂ်မှာ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းခဲ့ပါတယ်။

ဒါပေမယ့် စတုတ်မှာလည်း အလုပ်မဖြစ်လို့ ဒီပို့တီဗိုဆီ အငှားနဲ့ ပြောင်းရင်း နယူးကာဆယ်ဆီပါ အပြီးသတ် ပြောင်းဖြစ်ခဲ့သေးတဲ့ ဟိုဆယ်လူဟာ အင်္ဂလန်မှာ ဘယ်လိုမှ ခြေစွမ်းပြနိုင်ခြင်း မရှိလို့ စပိန်ကိုပြန်ပြီး အလာဗက်စ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ အလာဗက်စ်နဲ့ (၃)ရာသီထိ ကျင်လည်ပြီးနောက် အက်စပန်ညိုအသင်းဆီ တစ်ရာသီစာချုပ်နဲ့ ထပ်မံ ပြောင်းရွှေ့ခဲ့တဲ့ ဟိုဆယ်လူက အက်စပန်ညိုမှာတော့ ကစားသမားဘဝရဲ့ အမြင့်မားဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဟိုဆယ်လူက အသက် (၃၃)နှစ်အရွယ်နဲ့ စပိန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံခဲ့ရပါသေးတယ်။

Photo Credit : Goal

ဒါပေမယ့် အက်စပန်ညိုက လာလီဂါကနေ တန်းဆင်းသွားရချိန် ဟိုဆယ်လူရဲ့ အနာဂတ်က ဝေဝါးသွားသယောင် ဖြစ်ခဲ့ရပေမယ့် ရီးယဲလ်အသင်းက ဟိုဆယ်လူကို အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာကြောင့် ဟိုဆယ်လူအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရသလို ရီးယဲလ် ပရိသတ်တွေလည်း ဒီအပြောင်းအရွှေ့အပေါ် အားမလို အားမရတွေ ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် ဟိုဆယ်လူကတော့ ဒီရာသီမှာ ရီးယဲလ်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၄၆)ပွဲအထိ ပါဝင်ကစားခွင့် ရရှိခဲ့ရင်း (၁၇)ဂိုးထိ သွင်းယူနိုင်ခဲ့တဲ့အပြင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုကျော့ပွဲမှာ အသင်းက အရှုံးရလဒ် ဖြစ်နေရာကနေ သူရဲ့ သွင်းဂိုး (၂)ဂိုးနဲ့ ဘိုင်ယန်ကို အနိုင်ယူရင်း ချန်ပီယံလိဂ် ဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်မှုတွေကြောင့် ရီးယဲလ်က ဟိုဆယ်လူကို အငှားကနေ အပြီးသတ် ခေါ်ယူမှုအထိပါ လုပ်ဆောင်သွားမလားဆိုတာ ဆက်လက် စောင့်ကြည့်ရပါလိမ့်မယ်။