ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ လီဗာပူးနဲ့ ချယ်လ်ဆီးတို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် ရံဖန်ရံခါ လုပ်ကိုင်လေ့ ရှိတဲ့ ဂလင်းဂျွန်ဆင်က သူ့ရဲ့ အသင်းဟောင်း လီဗာပူးဟာ ရာသီကုန်မှာ ထွက်ခွာတော့မယ့် နည်းပြချုပ် ကလော့ပ်ရဲ့ နေရာအတွက် အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်ကို ခေါ်ယူ ခန့်အပ်သင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၅၆နှစ် အရွယ် ဂျာမဏီနည်းပြချုပ် ယာဂင် ကလော့ပ်က ၂၀၁၅ခုနှစ်မှ စတင်ကာ လီဗာပူးကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက လီဗာပူးကို ၉နှစ်ကြာ ကိုင်တွယ်ခဲ့ရာ ချန်ပီယံလိဂ်ဖလား ၁လုံး ၊ ပရီးမီးယားလိဂ်ဖလား ၁လုံး အပါအဝင် ဆုဖလားပေါင်း ၈လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ကလော့ပ်က လီဗာပူးကို ပရီးမီးယားလိဂ်ရဲ့ အထည်ကြီးပျက်အသင်း အဖြစ် ကနေ အင်အားကြီးအသင်း ပြန်ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်ခဲ့ပြီး လီဗာပူးရဲ့ ပရိသတ်တွေကလည်း ကလော့ပ်ကို အသင်းမှာ အနားယူတဲ့ အထိ ဆက်လက် ရှိနေစေချင်ကြပါတယ်။

ဒါပေမယ့် ကလော့ပ်ကတော့ နည်းပြတဦး အဖြစ် ဆယ်စုနှစ် ၂စုကျော်ကြာ ဆက်တိုက် လုပ်ကိုင်ခဲ့တာကြောင့် ပင်ပန်း နွမ်းနယ်နေပြီး မိသားစုနဲ့ သူ့ကိုယ်သူ ဂရုစိုက်နိုင်ဖို့ အတွက် ရာသီကုန်ချိန်မှာ လီဗာပူးကို စွန့်ခွာကာ နည်းပြလောက ကနေ ၁နှစ်တိတိ အနားယူမယ်လို့ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Photo Credit: Sky Sports

ရာသီကုန်ချိန်မှာ ကလော့ပ်ကို ဆုံးရှုံးရဖို့ ရှိနေတာကြောင့်ပဲ လီဗာပူးရဲ့ တာဝန်ရှိသူတွေက ကလော့ပ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြတွေကို လိုက်လံ ရှာဖွေနေပြီး လီဗာပူးကစားသမားဟောင်း ဂလင်းဂျွန်ဆင်ကတော့ လီဗာပူးဟာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို ခေါ်ယူသင့်တယ်လို့ ဆိုလာပါတယ်။

ဂလင်းဂျွန်ဆင်က – “တကယ်လို့ ဆောက်ဂိတ်ကသာ လာမယ့် နွေဈေးကွက်မှာ အသင်းသစ် တသင်းဆီ ပြောင်းဖို့ စိတ်ကူးရှိနေမယ် ဆိုရင် လီဗာပူးက သူ့ကို နည်းပြသစ် အဖြစ် ခန့်ဖို့ စဉ်းစားသင့်ပါတယ်။ ဆောက်ဂိတ်က အင်္ဂလန်မှာ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ပါတယ်။ ဒါကြောင့် သူက လီဗာပူးလို အသင်းမျိုးမှာ မအောင်မြင်စရာ အကြောင်း မရှိပါဘူး။ လီဗာပူးရဲ့ ကစားသမားတွေနဲ့ အင်္ဂလန်ကစားသမားတွေရဲ့ အဆင့်အတန်းကလည်း အတူတူပါပဲ။ ဒါကြောင့် ဆောက်ဂိတ်သာ အသင်းသစ် ရှာနေမယ် ဆိုရင် လီဗာပူးက သူ့ကို လက်မလွှတ်သင့်ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။