ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ နာမည်ကျော် စူပါအေးဂျင့် ဂျော့မန်ဒက်စ်နဲ့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်စ်သူ ဟိုယန်လာပေါ်တာတို့ဟာ ရော်နယ်လ်ဒိုကို ဘာစီလိုနာအသင်းဆီ ခေါ်ဆောင်နိုင်ဖို့ ဖြစ်နိုင်ခြေများအပေါ် ဆွေးနွေးဖို့အတွက် ဆွေ့ဆုံခဲ့ကြတယ်လို့ စပိန်သတင်းစာ AS ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Star

GOAT ကြီး ရော်နယ်လ်ဒိုဟာ ဒီနှစ်နွေမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာသွားချင်နေပြီး မနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကိုလည်း မိသားစု အကြောင်းကိစ္စကြောင့်နဲ့ ခွင့်တိုင်ပျက်ကွက်ခဲ့ပြီး အသင်းနဲ့ မပူးပေါင်းချင်တော့တဲ့ လက္ခဏတွေ ပြသလာခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်လ်ဒိုရဲ့ အေးဂျင့်ဖြစ်သူမှာလည်း ချယ်လ်ဆီးအသင်းရဲ့ ပိုင်ရှင်သစ် တော့ဒ်ဘိုလေအပါအဝင် ဘိုင်ယန်မြူးနစ် ရိုးမား နာပိုလီ အင်တာမီလန် အစရှိတဲ့ ကလပ်အသင်းတွေရဲ့ တာဝန်ရှိသူတွေနဲ့ ဆုံတွေ့ပြီး သူ့ကစားသမားရဲ့ အပြောင်းအရွှေ့ကိစ္စတွေအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ပေးလျက် ရှိနေရာ အခုလည်း ဘာစီလိုနာဥက္ကဌ လာပေါ်တာနဲ့ပါ တွေ့ဆုံဖြစ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : MessiBarcelona

ရော်နယ်လ်ဒိုဟာ ဘာစီလိုနာရဲ့ ခါးသီးပြိုင်ဘက် ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်းတစ်ဦး ဖြစ်ပေမယ့်လည်း လက်ရှိ အသက်အရွယ် (၃၇)နှစ်အထိကို အကောင်းဆုံးပုံစံမှာ ကစားနိုုင်သေးသူ ဖြစ်သလို အသင်းအတွက် အစစအရာရာမှာ အကျိုးပြုနိုင်တဲ့ ကစားသမား ဖြစ်နေတာကြောင့် လာပေါ်တာက သူ့အသင်းဆီ ခေါ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောမှာ အသင်းရဲ့ ကစားသမားတွေကို လစာလျှော့ယူနေတာမျိုးတွေပါ ရှိနေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ရော်နယ်လ်ဒိုလို လုပ်ခလစာ အရမ်းမြင့်မားတဲ့ ကစားသမားမျိုးကို ခေါ်ယူသွားဖို့က မလွယ်ကူနိုင်ပါဘူး။ လတ်တလောမှာတော့ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့အတွက် မန်ဒက်စ် ဆက်သွယ်ထားတဲ့ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်က အလားအလာ အကောင်းဆုံး ဖြစ်နေရပြီး ချယ်လ်ဆီးပိုင်ရှင် ဘိုလေက ရော်နယ်လ်ဒိုကို အလိုရှိနေပေမယ့် နည်းပြတူဟယ်လ်ကတော့ ရော်နယ်လ်ဒိုကို အရမ်းအလိုမရှိနေတဲ့အပြင် ယူနိုက်တက်ဘက်ကလည်း ရော်နယ်လ်ဒိုကို လက်လွတ်မယ်ဆိုရင်တောင် ပရီးမီးယားလိဂ်အသင်းတွေဆီ လက်လွတ်ဖွယ် မရှိတာကြောင့် ဘိုင်ယန်သာ လီဝန်ဒေါစကီးကို ဆုံးရှုံးရမယ်ဆိုရင် ရော်နယ်လ်ဒိုရဲ့ လားရာက ဘိုင်ယန် ဖြစ်လာနိုင်ပါတယ်။ သေချာတာကတော့ ဒီနွေမှာ ရော်နယ်လ်ဒိုရဲ့ အသင်းအပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့ သေချာနေပြီး ယူနိုက်တက်အနေနဲ့လည်း ရော်နယ်လ်ဒိုနေရာ အစားထိုးဖို့အတွက် ကြိုတင် ပြင်ဆင်ထားရတော့မှာပဲ ဖြစ်ပါတယ်။