မကြာသေးမီကမှ ချယ်လ်ဆီးရဲ့ အသင်းခေါင်းဆောင်ရာထူးကို ရရှိခဲ့တဲ့ ညာနောက်ခံလူ ရီစီဂျိမ်းစ်က လေ့ကျင့်ရေးကွင်းမှာ ရခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် ၂လနီးပါး နားရတော့မယ်လို့ ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ရီစီဂျိမ်းစ်က ချယ်လ်ဆီးရဲ့ နာမည်ကျော် ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး သူက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူ ၁၀ဦး စာရင်းဝင်တဲ့ ထိပ်တန်း နောက်ခံလူ တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Goal

ရီစီဂျိမ်းစ်က ချယ်လ်ဆီးအတွက် စတင် ကစားခွင့်ရတဲ့ ၂၀၁၉ခုနှစ်မှ ယခုချိန်အထိ အသင်းရဲ့ အဓိက ညာနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး သူ့ရဲ့ မြန်နှုန်းမြင့် ကစားဟန်နဲ့ တိုက်စစ် ၊ ခံစစ် မျှတအောင် ကစားနိုင်မှုတို့ကြောင့် အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူ ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။

ရီစီဂျိမ်းစ်က မြန်နှုန်းမြင့် နောက်ခံလူ တဦး ဖြစ်တာနဲ့အညီ မကြာခဏ ဆိုသလို ကြွက်သားဒဏ်ရာတွေ ရလေ့ ရှိပြီး ယခုတခါမှာလည်း ချယ်လ်ဆီးနဲ့အတူ လေ့ကျင့်ခန်း ဆင်းနေရင်း တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့ကာ အဆိုပါဒဏ်ရာကြောင့် ရီစီဂျိမ်းစ်ဟာ ရက်သတ္တပတ် အနည်းငယ် အနားယူရပါတော့မယ်။

Photo Credit: Super Sports

ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် နသန် ဂစ်ဆင်းရဲ့ ဖော်ပြချက်အရ ရီစီဂျိမ်းစ်က တံကောက်ကြောဒဏ်ရာကြောင့် အနည်းဆုံး ၁လကျော် အနားယူရတော့မှာ ဖြစ်ပြီး ချယ်လ်ဆီးဘက်က သူ့ရဲ့ ဒဏ်ရာကို အရှင်း ပျောက်ကင်းအောင် ကုသဖို့ ဆုံးဖြတ်ထားတာကြောင့် ၂လနီးပါး ကြာပြီးမှ ရီစီဂျိမ်းစ်ကို မြက်ခင်းစိမ်းပေါ်မှာ ပြန်မြင်ရနိုင်ကြောင်း သိရပါတယ်။

ရီစီဂျိမ်းစ် တယောက် ဒဏ်ရာရသွားချိန်မှာ ချယ်လ်ဆီးရဲ့ ညာနောက်ခံနေရာကို ပြင်သစ် ညာနောက်ခံလူ ဂတ်စတိုက တာဝန်ယူရဖို့ ရှိနေပြီး ဂတ်စတိုက ရီစီဂျိမ်းစ်ရဲ့ ပုံမှန် ပွဲထွက်ခွင့်ကို ခြိမ်းခြောက်လာနိုင်မလား ဆိုတာ ချယ်လ်ဆီးရဲ့ ပွဲစဉ်တွေမှာ စောင့်မျှော် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။