ဘရာဇီးလ် တိုက်စစ်ကစားသမားလေး ရိုဒရီဂိုက ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်အတွင်း ခရိုအေးရှားအသင်းနဲ့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာ ဘရာဇီးလ်အတွက် ပင်နယ်တီ ဗွေဆော်ဦး ကန်သွင်းမှုအတွက် တာဝန်ယူခဲ့ရင်း သူရဲ့ကန်ချက်ကို ခရိုအေးရှား ဂိုးသမား လီဗာကိုဗစ်က ကာကွယ်နိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ ခရိုအေးရှားက ပင်နယ်တီမှာ (၄-၂)နဲ့ အန်ိုင်ရသွားခဲ့ပါတယ်။

Photo Credit : Managing Madrid

အသက်(၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ဘရာဇီးလ် ကစားသမားလေး ရိုဒရီဂိုဟာ ကစားသမားဘဝအတွင်း ပထမဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအဖြစ် ကာတာကမ္ဘာ့ဖလားကို ပါဝင်ဆင်နွဲခဲ့ရပြီး ဂိုးတစ်ဂိုးမှ မသွင်းယူနိုင်ခဲ့ပေမယ့် ဆွစ်ဇာလန်နဲ့ပွဲမှာ ကက်စီမဲရိုးရဲ့ တစ်လုံးတည်းသော သွင်းဂိုးကိုတော့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဘရာဇီးလ်ရဲ့ ကမ္ဘာ့ဖလားပွဲ အများစုမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ရတဲ့ ရိုဒရီဂိုဟာ ခရိုအေးရှားနဲ့ပွဲမှာတော့ လူစားဝင်လာခဲ့ရင်း ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်လာချိန်မှာ ပထမဆုံး ပင်နယ်တီကို ကန်သွင်းခဲ့ရာ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သလို မာကွင်ဟို့စ်ကပါ စတုတ္ထမြောက် ပင်နယ်တီကို ထပ်မံ လွဲချော်ရင်းနဲ့ ဘရာဇီးလ်တို့ ကွာတားနဲ့သာ ကျေနပ်လိုက်ရပါတယ်။

Photo Credit : Football Espana

“ကျွန်တော် ဒါကို ပြန်ပြီး သတိမရမိအောင် ကြိုးစားကြည့်တယ်။ ဒါပေမယ့် မဖြစ်နိုင်ပါဘူး။ ဒါက အနည်းငယ်လေးတော့ ဝမ်းနည်းဖို့ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဒီ ကမ္ဘာ့ဖလားမှာ ပွဲတိုင်းကို အကောင်းဆုံး ပုံစံနဲ့ ကစားထားခဲ့ပြီးမှ ပင်နယ်တီ ကန်သွင်းမှု တစ်ခုက အနည်းငယ် ပြောင်းလဲသွားစေခဲ့လို့ပါပဲ။ ဒါပေမယ့်လည်း ဒါတွေကို ဆက်တွေးနေလို့ မဖြစ်တော့ပဲနဲ့ ရှေ့ဆက်ရပါလိမ့်မယ်။ ပင်နယ်တီ ကန်သွင်းမှုတွေကိုလည်း ပိုမိုပြီး လေ့ကျင့်ထားရပါမယ်။ ဘာကြောင့်လဲဆိုတော့ မကြာခင်မှာ ဒီလို ပင်နယ်တီ ကန်သွင်းရတဲ့ တာဝန်တွေကို ထပ်ပြီး ထမ်းဆောင်ရနိုင်လို့ပါပဲ။ အဲ့ဒီအခါကျရင် အသင်းက ကျွန်တော့်ကို လိုအပ်လာမှာ ဖြစ်လို့ ကျွန်တော်ကလည်း အဲ့ဒီအတွက် အဆင့်သင့် ဖြစ်နေချင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ရိုဒရီဂိုဟာ ရီးယဲလ်အသင်းနဲ့အတူ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ လက်ကျန်ရာသီကို ဖြတ်သန်းနေရပြီး ဒီ ရက်သတ္တပတ်အတွင်းမှာပဲ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ပွဲစဉ်အပြင် ဘာစီလိုနာအသင်းနဲ့ စပိန်ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို ဆက်တိုက် ကစားရဖို့ ရှိနေပါတယ်။