ဘာစီလိုနာအသင်းရဲ့ ဂျာမနီ ကွင်းလယ်ကစား ဂွန်ဒိုဂန်က ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုကျော့ပွဲစဉ်ထဲ သူ့ကို ပင်နယ်တီ ဧရိယာထဲ ပီအက်စ်ဂျီ ကစားသမားတွေက ပြစ်ဒဏ် ကျူးလွန်ခဲ့ပေမယ့် ဒါကို ကွင်းလယ်ဒိုင်က ပင်နယ်တီပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ဟာ ချန်ပီယံလိဂ် ကွာတား ပကျော့မှာ ဘာစီလိုနာက (2-3) နဲ့ အနိုင်ရထားခဲ့လို့ အိမ်ကွင်း ဒုကျော့ပွဲအတွက် အားသာချက် ရှိခဲ့ရပေမယ့် တကယ်တမ်း ယှဉ်ပြိုင်ချိန်မှာတော့ ဘာစီလိုနာဘက်က ကစားသမားတစ်ဦး စောစောစီးစီး ထုတ်ပယ်ခံရသလို ဒုတိယပိုင်းမှာပါ ပင်နယ်တီ သတ်မှတ်ခံရလို့ (1-4) နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit : Reddit

ဘာစီလိုနာက ဒုတိယပိုင်းပွဲချိန်မှာ ပီအက်စ်ဂျီဘက်ကို ပင်နယ်တီ ပေးလိုက်ရပြီးနောက်ပိုင်း မိနစ်ပိုင်းအကြာမှာပဲ ဘာစီလိုနာတို့ ပင်နယ်တီ ပြန်ရနိုင်လောက်တဲ့ အခြေအနေမျိုး ရှိခဲ့ပေမယ့်လည်း ဒါကိုတော့ ကွင်းလယ်ဒိုင်က လစ်လျူရှုသွားခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘာစီလိုနာ ကွင်းလယ်လယ် ဂွန်ဒိုဂန်က “ကျွန်တော် ပင်နယ်တီရဖို့ ထိုက်တန်တယ်လို့ ထင်မိပါတယ်။ ကျွန်တော် ဧရိယာထဲ ဝင်ပြေးတဲ့အချိန်မှာပဲ သူက ရှင်းရှင်းလင်းလင်းကြီး ကျွန်တော် ဟန့်တားခဲ့တာပါ။”

Photo Credit : FC Barcelona Noticias

“ကျွန်တော်က ကွင်းလယ်ဒိုင်ကို ဒါက ပင်နယ်တီ သတ်မှတ်ပေးရမှာလို့ ပြောလိုက်တော့ ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးရမယ့်အစား ကျွန်တော့်ကို အဝါကတ်ပဲ ပြခဲ့တယ်။ ဒါက ချန်ပီယံလိဂ်ပြိုင်ပွဲကြီးဖြစ်လို့ ပြိုင်ဘက်က ဘယ်အသင်းပဲဖြစ်ဖြစ် ကစားသမား တစ်ယောက်သာ အထုတ်ခံရမယ်ဆိုရင် အဲ့ဒီအခြေအနေကနေ ပြန်လာဖို့ မလွယ်ကူပါဘူး။”

“ကျွန်တော်တို့ အရမ်းစိတ်ပျက် ဝမ်းနည်းမိရပါတယ်။ ကျွန်တော်တို့ ဒီပွဲမှာ ကျွန်တော်တို့ဘက်က ကစားသမား အထုတ်မခံရခင် ပွဲကို ထိန်းချုပ်ထားနိုင်တယ်လို့လည်း ထင်မိပါတယ်။ အရာအားလုံး ကျွန်တော်တို့ လက်ထဲမှာ ရှိပေမယ့်လည်း ဒါကို ကျွန်တော်တို့က ပီအက်စ်ဂျီဆီ လွှဲပေးခဲ့ရပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။