အင်တာမီလန်အသင်း နည်းပြ ဆီမြွန်နီ အင်ဇာဂီက ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့်လေး လာမင်း ယာမယ်လ်ကို မယုံနိုင်စရာ အရည်အသွေးရှိတဲ့ ကစားသမားအဖြစ် ချီးကျူးဂုဏ်ပြုလိုက်ပြီး လာမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ဘာစီလိုနာ တောင်ပံကစားသမားလေးကို ရပ်တန့်နိုင်ဖို့ သူ့အသင်းက အစွမ်းကုန် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ယာမယ်လ်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ တားဆီးရခက်တဲ့ ခြေစွမ်းမျိုးကို ပြသသွားခဲ့ပြီး ဘာစီလိုနာအတွက် လိုအပ်နေတဲ့ ပထမဆုံး ချေပဂိုးကိုလည်း သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယာမယ်လ်ဟာ အင်တာ ခံစစ်ကစားသမားတွေဖြစ်တဲ့ ဒီမားကို့စ်နဲ့ ဘက်စတိုနီတို့ကိုပါ အလုပ်ရှုပ်အောင် ကစားသွားနိုင်ခဲ့ပါတယ်။

Photo Credit : Barca Blaugranes

အင်တာနည်းပြ အင်ဇာဂီက ဆန်စီရိုကွင်းမှာ ကစားမယ့် ဒုတိယအကျော့ ပွဲစဉ်မှာလည်း အသက်(၁၇)နှစ်အရွယ် ဒီကစားသမားလေးဟာ အဓိက စောင့်ကြည့်ရမယ့်သူ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ အင်ဇာဂီက သူရဲ့အသင်းဟာ ယာမယ်လ်ကို နှစ်ယောက်ပူး လူကပ်ကစားသွားမှာ ဖြစ်ပေမယ့် သူ့ဆီကို ဘောလုံး လုံးဝ မရောက်အောင် တားဆီးဖို့ကတော့ မဖြစ်နိုင်ဘူးလို့လည်း ဝန်ခံပြောကြားခဲ့ပါတယ်။

သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အင်ဇာဂီက “လာမင်း ယာမယ်လ် ဟုတ်လား။ ကျွန်တော်တို့ သူ့ဆီ ဘောလုံးမရောက်အောင် ကြိုးစားရမှာပါ။ ဒါပေမဲ့ ဒါက မဖြစ်နိုင်တဲ့ ကိစ္စပါ။ သူက သေချာပေါက် နှစ်ယောက်ပူး အကပ်ခံရမှာဖြစ်ပြီး အဓိက စောင့်ကြည့်ရမယ့် ကစားသမား ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ သူ့ကို အနီးကပ် အာရုံစိုက်ပြီး ထိန်းချုပ်ဖို့ ကြိုးစားသွားမှာပါ။”

Photo Credit : Irish Examiner

“သူ့ကို ကွင်းထဲမှာ တိုက်ရိုက် မြင်ဖူးတဲ့အခါ သူက တကယ်ကို မယုံနိုင်စရာ အရည်အသွေးရှိတဲ့သူ တကယ်ကို အရမ်း အန္တရာယ်များတဲ့ ကစားသမားပါ။ လူတိုင်းက သူ့ဆီကိုပဲ ဘောလုံး ပေးကြတယ်။ ကျွန်တော့်ကို အထင်အကြီးဆုံး ဖြစ်သွားစေခဲ့တာကတော့ သူ့ရဲ့ အတွေးအခေါ် မြန်ဆန်မှု (speed of thought) ပါပဲ။ သူက ဘယ်လို ကစားကွက်မျိုး လုပ်ရမယ်ဆိုတာကို အမြဲတမ်း သိနေတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

လာမင်း ယာမယ်လ်ဟာ ၂၀၂၄ ခုနှစ် Ballon d’Or ဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ယာမယ်လ်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေပြီလားဆိုတဲ့ မေးခွန်းက ပိုပြီး ကျယ်လောင်လာနေပါပြီ။ အင်တာမီလန်အသင်းအနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်ချင်တယ်ဆိုရင်တော့ စပိန် လက်ရွေးစင် ကြယ်ပွင့်လေး ယာမယ်လ်ကို ထိန်းချုပ်ထားနိုင်ဖို့ သူတို့ရဲ့ ခံစစ်ပိုင်းက အကောင်းဆုံး အခြေအနေမှာ ရှိနေဖို့ လိုအပ်ပါလိမ့်မယ်။