အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်က ယခု နွေဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အိုနာနာကို ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ရောင်းချဖြစ်ခဲ့ရင် အိုနာနာရဲ့ နေရာအတွက် အစားထိုးမှု ပီအက်စ်ဂျီ ဂိုးသမား နာဗက်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အင်တာမီလန်က အသက် ၂၇နှစ် အရွယ် အိုင်ဗရီကို့စ် ဂိုးသမား အိုနာနာကို ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတာ ဖြစ်ပေမယ့် အိုနာနာက ဆရာဟောင်း တန်ဟက်ဂ် ရှိတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ကသာ အိုနာနာ အတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ကမ်းလှမ်းလာမယ် ဆိုရင် အိုနာနာကို ရောင်းထုတ်ဖို့ စဉ်းစားထားပါတယ်။

Photo Credit: Team Talk

လက်ရှိမှာ အင်တာမီလန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က အိုနာနာ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ထားကြပြီး အင်တာမီလန်က အိုနာနာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း အထိ လိုချင်နေကာ မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့ရဲ့ နွေဈေးကွက် ဘတ်ဂျက်ကြောင့် ပြောင်းရွှေ့ကြေး မြင့်မားတဲ့ အိုနာနာကို ခေါ်ယူဖို့ အပြီးသတ် ဆုံးဖြတ်ချက် မချရသေးပါဘူး။

ဒါပေမယ့် အင်တာမီလန်ကတော့ အိုနာနာ ထွက်သွားရင် အိုနာနာရဲ့ နေရာကို အစားထိုးနိုင်မယ့် ဂိုးသမား တဦးကို စတင် ရှာဖွေနေပြီး အင်တာမီလန်ရဲ့ ပစ်မှတ်ထဲမှာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ် ဆုဖလား ၃ကြိမ် အထိ ရယူနိုင်ခဲ့တဲ့ ကော်စတာရီကာ ဝါရင့် ဂိုးသမားကြီး ကေလာ နာဗက်လည်း ပါဝင်နေပါတယ်။

Photo Credit: Standard

နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာရဲ့ ဖော်ပြချက်အရ အင်တာမီလန်က အိုနာနာကို ရောင်းချပြီးရင် အသက်ကြီးပေမယ့် လက်စွမ်းကောင်းနေသေးတဲ့ ကေလာ နာဗက်ကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး နာဗက်ကလည်း အင်တာဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ကေလာ နာဗက်ရဲ့ မိခင်ကလပ် ဖြစ်တဲ့ ပီအက်စ်ဂျီကတော့ နာဗက်အတွက် ပြောင်းရွှေ့ကြေး ယူရို ၅သန်း ဝန်းကျင် လိုချင်နေပြီး အင်တာမီလန်က ပီအက်စ်ဂျီရဲ့ တောင်းဆိုမှုကို အသာတကြည် ပေးနိုင်ပါတယ်။