အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး မာရှယ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အင်တာမီလန်က ယခု နွေဈေးကွက် အတွင်းမှာ ဒီဇီကိုကို အသင်းပြောင်းခွင့် ပေးခဲ့သလို ပြီးခဲ့တဲ့ရာသီမှာ အသင်းဆီ အငှားနဲ့ လာရောက် ကစားခဲ့တဲ့ လူကာကူကိုလည်း မခေါ်တော့ဖို့ ဆုံးဖြတ်လိုက်တာကြောင့် တိုက်စစ်ပိုင်းမှာ မာတီနက်ဇ်နဲ့ အသစ် ရောက်လာတဲ့ မားကပ် သူရမ်တို့ နှစ်ဦးထဲသာ ကျန်ပါတော့တယ်။

Photo Credit: Team Talk

အင်တာမီလန်က ရာသီသစ်မှာ စီးရီးအေ ချန်ပီယံဆု အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတာကြောင့် အင်တာမီလန်ရဲ့ တာဝန်ရှိသူတွေက လက်ကျန် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း တိုက်စစ်မှူး တဦး ခေါ်ယူဖို့ ကြိုးစားနေပြီး အင်တာမီလန်က အာဆင်နယ်ရဲ့ လူငယ်ကြယ်ပွင့် ဘာလိုဂန်ကို သူတို့ရဲ့ နံပါတ်၁ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အင်တာမီလန်က ဘာလိုဂန်ကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ရော ၊ ကစားသမားနဲ့ပါ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ပေမယ့် အာဆင်နယ်ဘက်က ဘာလိုဂန်အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း အထိ လိုချင်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ခက်ခဲနေပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ အင်တာမီလန်ရဲ့ တာဝန်ရှိသူတွေက ဈေးကွက်မပိတ်ခင်မှာ အခြား တိုက်စစ်မှူးတွေကို လိုက်လံ ချိတ်ဆက်နေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ မာရှယ်ဟာ အင်တာမီလန်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Caught Offsideရဲ့ ဖော်ပြချက်အရ အင်တာမီလန်က ဘာလိုဂန်ကို ခေါ်ယူဖို့ မလွယ်တော့တာကြောင့် မာရှယ်ကို ပြောင်းလဲ ခေါ်ယူဖို့ စဉ်းစားနေပြီး မာရှယ်ကလည်း အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုသာ လက်ခံဖို့ ရာခိုင်နှုန်း များနေသလို မန်ချက်စတာ ယူနိုက်တက်က မာရှယ်ကို ရောင်းထုတ်ဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။