မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမား အန်တိုနီ မာရှယ်ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ အခု အင်တာမီလန်အသင်းပါ ထပ်တိုး ပါဝင်လာခဲ့တယ်လို့ အီတလီ အခြေစိုက် Calciomercato သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၈)နှစ်အရွယ် ပြင်သစ် လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမား မာရှယ်ဟာ ၂၀၁၅ခုနှစ်ကတည်းက ယူနိုက်တက်ဆီ ရောက်ရှိနေပြီး အသင်းရဲ့ သက်တမ်းရင့် ကစားသမားတစ်ဦး ဖြစ်နေပေမယ့်လည်း သူရဲ့ ခြေစွမ်းတွေကတော့ တည်ငြိမ်မှု မရှိပဲ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit : United in Focus

ဒီလို အခြေအနေမှာ မာရှယ်က လာမယ့် ဇွန်လမှာပဲ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မှာဖြစ်ပြီး တကယ်လို့ ဒီဈေးကွက်ထဲမှာသာ ခေါ်ယူမယ်ဆိုရင်တော့ cut-price တန်ကြေး အနည်းငယ်လောက်နဲ့သာ ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် မာရှယ်ကို မာဆေးလ် ဖီနာဘာချီအသင်းတွေက စိတ်ဝင်စားမှုတွေ ရှိနေပြီး အခုဆိုရင်လည်း အင်တာကပါ မာရှယ်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အင်တာဟာ ယူနိုက်တက်ဆီကနေ လူကာကူ ဆန်းချက်ဇ် ဒါမီယန် အက်ရှ်လေယန်းတို့ကို ခေါ်ယူခဲ့ဖူးသလို အခုလည်း မာရှယ်ကိုပါ ချိန်ရွယ်လို့နေပါတယ်။

Photo Credit : ESPN

လက်ရှိမှာ အင်တာရဲ့ ချီလီ ဝါရင့် ကစားသမားကြီး ဆန်းချက်ဇ်က ဒီဈေးကွက်ထဲ အသင်းပြောင်းရွှေ့ဖို့ ရှိနေပြီး ဆန်းချက်ဇ်သာ အသင်းကနေ ထွက်ခွာသွားမယ်ဆိုရင် သူ့နေရာမှာ နောက်ထပ် ယူနိုက်တက် ကစားသမား မာရှယ်နဲ့ အစားထိုးသွားချင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အင်တာက မာရှယ်အတွက် cut-price တန်ကြေးပါ အသုံးပြုသွားဖို့ ဆန္ဒမရှိပဲ လာမယ့်နွေမှ free transfer နဲ့သာ ခေါ်ယူသွားဖို့ ဆန္ဒရှိနေပြီး နွေဈေးကွက်မှာ ခေါ်ယူဖို့အတွက် အကြို သဘောတူညီမှု ရယူထားဖို့သာ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။