မန်ချက်စတာ ယူနိုက်တက်အသင်းက ကစားသမားတွေကို အမြဲ ခေါ်ယူတက်လေ့ရှိတဲ့ စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ အခုလည်း ယူနိုက်တက် ညာနောက်ခံကစားသမား အာရွန် ဝမ်ဘစ်ဆာခါကိုပါ ခေါ်ယူချင်နေတယ်လို့ အီတလီ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

အင်တာဟာ ယူနိုက်တက်ကနေ လူကာကူ ဒါမီယန် ဆန်းချက်ဇ်နဲ့ အက်ရှ်လေယန်းတို့လို ကစားသမားတွေကို ခေါ်ယူဖြစ်ခဲ့သလို ဒါမီယန်နဲ့ ဆန်းချက်ဇ်တို့ဆိုရင်လည်း အခုထိ အင်တာမီလန်အသင်းမှာ ဆက်လက် ပါဝင်ကစားလျက် ရှိနေကြပါတယ်။

Photo Credit : TEAMtalk

အခုလည်း အင်တာက လာမယ့်နွေမှာ သူတို့ရဲ့ ညာနောက်ခံလူ ဒန်ဆယ် ဒမ်ဖရီးစ်ကို လက်လွတ်သွားရနိုင်တာကြောင့် သူ့နေရာမှာ အစားထိုးဖို့အတွက် ယူနိုက်တက် ညာခြမ်း ခံစစ်ကစားသမား ဘစ်ဆာခါကို စိတ်ဝင်စားလာခဲ့ပါတယ်။

အင်တာဟာ ဘစ်ဆာခါကို ပြီးခဲ့တဲ့နွေမှာကတည်းက အသင်းဆီ ခေါ်ယူဖို့အတွက် ကစားသမားရဲ့ အေးဂျင့်နဲ့ပါ တွေ့ဆုံ ဆွေးနွေးဖြစ်ခဲ့သေးပြီး အခုလည်း ဘစ်ဆာခါကို ထပ်မံ ကြိုးပမ်းလာဖို့ ရှိနေပါတယ်။ ယူနိုက်တက်ကလည်း လာမယ့်နွေမှာ ညာနောက်ခံလူတစ်ဦး ခေါ်ယူဖွယ် ရှိနေတာကြောင့် ဘစ်ဆာခါရဲ့ အနာဂတ်က စောင့်ကြည့်ချင်စရာ ဖြစ်လာရပါတယ်။

 

Photo Credit : TEAMtalk

ယူနိုက်တက် စိတ်ဝင်စားနေတဲ့ ညာနောက်ခံလူတွေထဲမှာ အင်တာရဲ့ နယ်သာလန် နောက်ခံအစွန်လူ ဒမ်ဖရီးစ်လည်း ပါဝင်နေတာကြောင့် ဒမ်ဖရီးစ်နဲ့ ဘစ်ဆာခါတို့ရဲ့ အပြောင်းအရွှေ့က swap deal transfer ပါ ဖြစ်လာနိုင်ဖို့ ရှိနေပါတယ်။

ယူနိုက်တက်ဟာ ဒမ်းဖရီးစ်အပြင် နောက်ထပ် နယ်သာလန် ညာနောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ လေဗာကူဆင် right-back ဖရင်ပေါင်ကိုလည်း စိတ်ဝင်စားလျက် ရှိနေပြီး နည်းပြ တန်ဟက်ဂ်ကလည်း ဖရင်ပေါင်ကိုသာ ပိုမို အလိုရှိနေပါတယ်။