စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဂျပန်ကလပ် ဗစ်ဆဲလ် ကိုဘေးရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားတဲ့ အင်နီယေစတာက သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာဟာ ဘယ်တုန်းကမှ ဒိုင်တွေကို လာဘ်ထိုးတာမျိုး မလုပ်ဖူးကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အင်နီယေစတာရဲ့ အသင်းဟောင်း ဖြစ်တဲ့ ဘာစီလိုနာက လတ်တလောမှာ လာလီဂါ ဒိုင်ကော်မတီရဲ့ ဒုတိယ ဥက္ကဌဟောင်း တဦး ဖြစ်သူ နီဂရီရာဆီ ငွေကြေးတွေ လွှဲပေးခဲ့မှုကြောင့် လာဘ်ပေးလာဘ်ယူလုပ်မှုနဲ့ စွဲချက်တင်ခံထားရပြီး ကတ်တလန်တာဒေသရဲ့ တရားရုံးတခုက ဘာစီလိုနာနဲ့ နီဂရီရာတို့ကို စစ်ဆေးနေပါတယ်။

Photo Credit: Marca

ဘာစီလိုနာက ၂၀၀၂ခုနှစ် ကနေ ၂၀၁၈ခုနှစ် အတွင်း ဒုတိယ ဒိုင်ဥက္ကဌ နီဂရီရာထံ စုစုပေါင်း ယူရို ၇သန်းကျော် လွှဲပေးခဲ့ပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက သူတို့ဟာ လာလီဂါဒိုင်တွေရဲ့ အရည်အသွေးတွေကို မြှင့်တင်ရာမှာ သုံးစွဲဖို့ နီဂရီရာထံ လှူဒါန်းခဲ့တာပါလို့ ပြောထားပေမယ့် နီဂရီရာကတော့ သူ့ဆီ ရောက်လာတဲ့ ငွေတွေကို ဒိုင်ကော်မတီဆီ ချက်ချင်း မလွှဲပေးခဲ့ပါဘူး။

ဒါကြောင့်ပဲ ကတ်တလန်တာ အခြေစိုက် တရားရုံး တခုက ဘာစီလိုနာနဲ့ နီဂရီရာတို့ကို လာဘ်ပေးလာဘ်ယူလုပ်မှုနဲ့ စွဲချက်တင်ခဲ့တာ ဖြစ်သလို လက်ရှိမှာ ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFAကပါ ဘာစီလိုနာနဲ့ နီဂရီရာရဲ့ အမှုကို စုံစမ်းစစ်ဆေးရေး အဖွဲ့တခု ဖွဲ့ကာ စတင် စုံစမ်းနေပြီး အကယ်၍ ဘာစီလိုနာမှာသာ အပြစ်ရှိကြောင်း စစ်ဆေး တွေ့ရှိရင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ စီစဉ်နေပါတယ်။

Photo Credit: Marca

ဒါပေမယ့် ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက သူတို့အသင်းဟာ ဘယ်တုန်းကမှ ဒိုင်လူကြီးတွေကို ချုပ်ကိုင်ဖို့ မကြိုးစားဖူးကြောင်း ငြင်းဆန်နေဆဲ ဖြစ်သလို ဘာစီလိုနာမှာ ဆယ်စုနှစ် တစုကျော်ကြာ ကစားခဲ့ဖူးတဲ့ အင်နီယေစတာကလည်း ဘာစီလိုနာဟာ ဘယ်တုန်းကမှ ဒိုင်လူကြီးတွေကို လာဘ်မထိုးဖူးကြောင်း ထောက်ခံသွားခဲ့ပါတယ်။

အင်နီယေစတာက – “ဘာစီလိုနာက ဒိုင်တွေကို ဝယ်ယူဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ပါဘူး။ တခြား စွဲချက်တခုက (နီဂရီရာက ဒိုင်ကော်မတီဆီ ငွေတွေ မလွှဲပေးပဲ ငွေကြေး အလွဲသုံးစားလုပ်မှု) မှန်နေနိုင်ပါတယ်။ ကျွန်တော်က ဘာစီလိုနာနဲ့ ပတ်သတ်ပြီး အာမခံချက် ပေးနိုင်ပါတယ်။ ဘာစီလိုနာက ဘယ်တုန်းကမှ ဒိုင်တွေကို လွှမ်းမိုးဖို့ မကြိုးစားခဲ့ဖူးပါဘူး။ ကျွန်တော် ကစားခဲ့တဲ့ အချိန်ကာလ အတွင်းမှာ ကျွန်တော်ကတော့ ဒိုင်တွေရဲ့ မျက်နှာသာပေးမှုကို ရခဲ့တယ် ဆိုတဲ့ ခံစားချက်မျိုး တခါမှ မရဖူးပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။