မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ရိုဒရီက ဘောလုံးလောကရဲ့ အထင်ကရ ဆုတစ်ခုဖြစ်တဲ့ Ballon d’Or ဆုဟာ ဘယ်အရာတွေအပေါ်မှာ အခြေခံပြီးမှ ပေးအပ်ချီးမြှင့်သလဲဆိုတာကို သူရဲ့ ထင်မြင်ချက်တွေနဲ့ သုံးသပ်သွားခဲ့ပါတယ်။

စပိန် လက်ရွေးစင် ကွင်းလယ်ကစားသမား ရိုဒရီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်စီးတီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား အက်ဖ်အေဖလားတို့ကို ဆွတ်ခူးပြီး Treble Champions ဖြစ်ခဲ့သလို စပိန်အသင်းနဲ့လည်း UEFA Nations League ချန်ပီယံပါ ဖြစ်ခဲ့ပါသေးတယ်။

Photo Credit : The Mirror

မန်စီးတီးအတွက် စပိန်အတွက် တကယ့်ကို မရှိမဖြစ် အရေးပါတဲ့ နေရာကနေ ပါဝင်ရတဲ့ ရိုဒရီဟာ ဒီနှစ်သင်းရဲ့ အောင်မြင်မှုတွေနဲ့ပါ တိုက်ရိုက် ပါဝင်ပတ်သက်သူလည်း ဖြစ်သလို အရေးကြီးတဲ့ သွင်းဂိုးတွေကိုလည်း သွင်းယူပေးနိုင်သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၃ခုနှစ်ရဲ့ Ballon d’Or ဆုမှာလည်း အဆင့်(၅)နေရာသာ ရရှိခဲ့သလို FIFA The Best မှာဆိုရင်လည်း အဆင့် (၆)သာ ရရှိခဲ့ပါတယ်။ ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး ရိုဒရီက “ကျွန်တော်ကတော့ မအံ့သြမိပါဘူး။ ဒါက သာမန်လိုပါပဲ။ ဒီလို တစ်ဦးချင်း ဆုတွေကို ချီးမြှင့်တာက ဘယ်လိုပုံစံတွေနဲ့ ချီးမြှင့်လဲဆိုတာ ကျွန်တော် ကောင်းကောင်းကြီး နားလည်နေလို့ပါပဲ။”

Photo Credit : beIN SPORTS

“သူတို့တွေ မားကတ်တင်းတွေ ငွေရေးကြေးရေးတွေနဲ့ ကြော်ငြာတွေအပေါ်မှာ အခြေခံထားကြတာ။ ဒီလိုဆုတွေနဲ့ ထိုက်တန်မှု ရှိလှတဲ့ စပိန် ကွင်းလယ်ကစားသမားတွေဆိုရင်လည်း ဒီဆုနဲ့ လွဲချော်ခဲ့ရတာပဲလေ။ ကျွန်တော် ပြောချင်တာကို နားလည်တယ်မလား?။ ဒါကြောင့် ဘောလုံးမှာ ကျွန်တော့်အတွက် အရေးအကြီးဆုံးက အသင်းလိုက် ဆုဖလားတွေပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ် စပိန်ကွင်းလယ်လူဟာ ပရီးမီးယားလိဂ်မှာတောင် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို တစ်ခါမှ မရရှိဖူးသေးပေမယ့် ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုနဲ့ ဒူဘိုင်းဘာလွန်းဒေါဖြစ်တဲ့ Globe Soccer Awards ရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားဆုတို့ကိုတော့ ပိုင်ဆိုင်ခဲ့ရပါတယ်။