မန်ချက်စတာ စီးတီးအသင်းကတော့ အသင်းရဲ့ အရေးပါလှတဲ့ ကစားသမားတစ်ဦးဖြစ်သူ ဘာနာဒို ဆေးလ်ဗားကိုသာ လက်လွတ်လိုက်ရမယ်ဆိုရင် အင်တာမီလန်အသင်းရဲ့ အီတလီ ကြယ်ပွင့် ကစားသမား ကွင်းလယ်လူ နီကိုလို ဘာရယ်လာနဲ့ အစားထိုးသွားမယ်လို့ သိရှိရပါတယ်။
Photo Credit : Football365
ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ် ကစားသမား ဘာနာဒို ဆေးလ်ဗားဟာ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေပေမယ့်လည်း ဒီနွေဈေးကွက်ထဲမှာတော့ ဆေးလ်ဗားရဲ့ အနာဂတ်က အတော်လေး လှုပ်ခတ်လျက် ရှိနေပြီး သူ့ကိုလည်း ဘာစီလိုနာ ပီအက်စ်ဂျီ နဲ့ ဆော်ဒီကလပ်တွေက ခေါ်ယူချင်နေကြပါတယ်။ လတ်တလောမှာတော့ ပီအက်စ်ဂျီက ဘာနာဒို ဆေးလ်ဗားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း (၄၀) + ကစားသမား အလိုက်ပေး ကမ်းလှမ်းမှုကို လုပ်ဆောင်ထားပေမယ့် မန်စီးတီးက ပယ်ချသွားခဲ့ပြီး ဆေးလ်ဗားအတွက် ပြောင်းရွှေ့ကြေး သီးသန့်သာ အလိုရှိနေပါတယ်။
Photo Credit : Twitter
မန်စီးတီးက ဆေးလ်ဗားအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း (၁၀၀)အထိ ဈေးသတ်မှတ်ထားပြီး တကယ်လို့သာ ဆေးလ်ဗားကို အဲ့ဒီ တန်ကြေးမျိုးနဲ့ ခေါ်ယူသွားမယ်ဆိုရင်လည်း ဆေးလ်ဗားနေရာအတွက် ဘာရယ်လာကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ အီတလီ ကွင်းလယ်လူ ဘာရယ်လာဟာလည်း အင်တာမီလန်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ဥရောပ ထိပ်တန်း ကလပ်အသင်းတွေ အလွန် သဘောကျရတဲ့ အရည်အသွေးမြင့် ကွင်းလယ် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
အင်တာမီလန်ကလည်း သူတို့အသင်းအတွက် အလွန် အားထားရတဲ့ ဘာရယ်လာလို ကစားသမားမျိုးကို ရောင်းထုတ်သွားဖို့ ဆန္ဒမရှိသလို ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင်လည်း ပြောင်းရွှေ့ကြေးကို အမြောက်အများ တောင်းဆိုသွားဖွယ်လည်း ရှိနေပါတယ်။ ဒါပေမယ့် မန်စီးတီးကတော့ ဆေးလ်ဗားကိုသာ လက်လွတ်ရမယ်ဆိုရင် ဘာရယ်လာကို သေချာပေါက် ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။