ဘောလုံး Pundit တစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်းကြီး အီယန်ရိုက်က သူ့အသင်းဟောင်းအနေနဲ့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးကိုသာ မခေါ်ယူခဲ့ရင် ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ဆုဖလားနဲ့ ထပ်မံ လွဲချော်ရလိမ့်မယ်လို့ သတိပေးသွားခဲ့ပါတယ်။

အာဆင်နယ်က ဒီရာသီမှာ ဒက်ကလန်ရိုက်စ် ဟာဗက်ဇ် တင်းဘား ရာယာ အစရှိတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့ပြီး ကလပ်စံချိန်တင်နဲ့ ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ ရိုက်စ်ဆိုရင်လည်း အသင်းမှာ ခြေစွမ်းပြလျက် ရှိနေပေမယ့် တိုနေးလို တိုက်စစ်မှူးမျိုးတော့ လိုအပ်နေသေးတယ်လို့ အီယန်ရိုက်က ထောက်ပြလာခဲ့ပါတယ်။

Photo Credit : Football365

အာဆင်နယ်အသင်းဟာ အသင်းတိုက်စစ်ပိုင်းမှာ ဂျေဇူး ဆာကာ မာတင်နယ်လီ ထရိုဆက်ဒ် အန်ခယ်တီယာတို့လို ကစားသမားတွေ ပိုင်ဆိုင်ထားပေမယ့် အရည်အသွေးမြင့်ပြီး ဂိုးသွင်းအားကောင်းတဲ့ အထောင်တိုက်စစ်မှူး စစ်စစ် တစ်ဦးတော့ လိုအပ်နေပါသေးတယ်။

ဒါကြောင့် အာဆင်နယ်က လာမယ့် ဆောင်းဈေးကွက်မှာ တိုနေး နဲ့ နာပိုလီ တိုက်စစ်မှူး အိုဆင်မန်တို့ကို ပစ်မှတ်ထားလျက် ရှိနေတာဖြစ်ပြီး ဒီနှစ်ဦးထဲကမှ ပရီးမီးယားလိဂ် အတွေကအကြုံကောင်းတွေ ရှိနေတဲ့ တိုနေးကိုပဲ ပိုမို ဦးစားပေး ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Premier League

အသက် (၂၇)နှစ်အရွယ်ရှိ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး တိုနေးက လက်ရှိ လောင်းကစားမှုကြောင့် (၈)လအထိ ပွဲပယ်ခံနေရတာဖြစ်ပြီး လာမယ့် ဇန်နဝါရီလမှာပဲ ဘောလုံး ပြန်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ “အာဆင်နယ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တိုက်စစ်မှူးတွေဆီကနေ ဂိုးတွေ သိပ်မရခဲ့ပါဘူး။”

“တိုနေးက ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်လို့ အာဆင်နယ်အတွက် လိုအပ်နေတဲ့ jigsaw တစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လိုချင်ရင် တိုနေးကို ခေါ်ယူရပါလိမ့်မယ်” လို့ အီယန်ရိုက်က မှတ်ချက်ပြုသွားခဲ့ပါတယ်။