ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အီယန်ရိုက်ကတော့ အသင်းဟောင်း အာဆင်နယ်ရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆာကာ ၊ ပါတေးနဲ့ အိုဒီဂတ်တို့သာ ဒဏ်ရာပြဿနာတွေနဲ့ မကြုံခဲ့ရင် အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်လိမ့်မယ်လို့ အတပ် ပြောသွားခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းပိုင်း အတော်လေး တည်ငြိမ်နေပြီး ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်သလို နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၁ပွဲဆက် မရှုံးထားပါဘူး။

Photo Credit: Team Talk

ဒါ့အပြင် အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ ခံစစ်ပိုင်း အကျစ်လျစ်ဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ထားသလို ပရီးမီးယားလိဂ် ပွဲစဉ်(၁၉) အပြီးမှာ ၁၄ပွဲနိုင် ၂ပွဲသရေ ၁ပွဲရှုံး (ပွဲကျန် ၁ပွဲ ၊ ပွဲရွှေ့ ၁ပွဲ) ဆိုတဲ့ ရလဒ်ကောင်းကို ပိုင်ဆိုင်ထားပြီး ဒုတိယနေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးကို တပွဲပို ကစားပြီး ရမှတ် ၈မှတ် အထိ ဖြတ်တောက်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေပေမယ့် သူတို့အသင်းရဲ့ နည်းပါးလွန်းတဲ့ ကစားသမား အင်အားကြောင့် အဓိက ကစားသမားတွေသာ ဒဏ်ရာရသွားရင် ရလဒ်ကောင်းတွေ ဆက်တိုက် ရယူနိုင်ဖို့ ခက်ခဲသွားနိုင်ပြီး အီယန်ရိုက်ကလည်း အာဆင်နယ်ရဲ့ ကစားသမား အင်အားနဲ့ ပတ်သတ်ပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။

Photo Credit: Team Talk

ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ အီယန်ရိုက်က သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်ဟာ လက်ရှိမှာ အမြင့်ပျံ ခြေစွမ်းကောင်း တရပ်ကို ရထားပေမယ့် အဓိက ကစားသမားတွေသာ ဒဏ်ရာရသွားရင် ချန်ပီယံ ဖြစ်ဖို့ ခက်ခဲသွားနိုင်ကြောင်းနဲ့ အကယ်၍ ဆာကာ ၊ အိုဒီဂတ်နဲ့ ပါတေးတို့သာ ဒဏ်ရာတွေ မရခဲ့ရင်တော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

အီယန်ရိုက်က – “ကျွန်တော်ကတော့ အခုချိန်မှာ အာဆင်နယ်ရဲ့ နိုင်ပွဲတွေကို မြင်တွေ့နေရလို့ ကျေနပ်မိပါတယ်။ ပြီးတော့ လက်ရှိအခြေအနေနဲ့ (ပရီးမီးယားလိဂ်ရဲ့ အဆင့်၁) ပတ်သတ်ပြီး ပျော်ရွှင်ပါတယ်။ အာဆင်နယ် ကစားသမားတွေကလည်း သူတို့ရဲ့ အလုပ်ကို အကောင်းဆုံး လုပ်နေကြတာ မြင်ရပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ဆိုတာ ခက်ခဲပါတယ်။ ကျွန်တော်တို့က မန်ချက်စတာ စီးတီးဟာ အရမ်းကောင်းတဲ့ အသင်း ဆိုတာ သိကြသလို သူတို့က အဓိက ကစားသမားတွေ ဒဏ်ရာရရင်တောင် လိဂ်ချန်ပီယံဆုကို ရယူနိုင်တဲ့ တသင်းထဲသော အသင်းပါ။ အာဆင်နယ် ပရိသတ်တွေ အတွက် အခုချိန်ဟာ အရမ်းကို ထူးခြားတဲ့ အချိန်မျိုး ဖြစ်နေမယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒဏ်ရာပြဿနာတွေသာ ရှိလာမယ် ဆိုရင်တော့ ဒီဇာတ်လမ်းက တမျိုးတဖုံ ပြောင်းလဲသွားနိုင်ပါတယ်။ အာဆင်နယ်က ဇန်နဝါရီလထဲမှာ ကစားသမားတွေ အများကြီးကို ဝယ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ ဆာကာ ၊ ပါတေးနဲ့ အိုဒီဂတ်တို့သာ ဒဏ်ရာရသွားမယ် ဆိုရင် အာဆင်နယ်ရဲ့ အခြေအနေက ဆိုးရွားသွားနိုင်ပါတယ်။ သူတို့က အစားထိုးဖို့ မဖြစ်နိုင်တဲ့ ကစားသမားမျိုးတွေပါ။ တကယ်လို့ ဆာကာ ၊ ပါတေးနဲ့ အိုဒီဂတ်တို့သာ ဒဏ်ရာကင်းခဲ့မယ် ဆိုရင် အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ ရာခိုင်နှုန်း အရမ်းကို များသွားပါလိမ့်မယ်။ ဒါပေမယ့် သူတို့ ၃ယောက်စလုံး ဒဏ်ရာကင်းဖို့ ဆိုတာကလည်း အရမ်းကို ခက်ခဲပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။