ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး ဟယ်ရီကိန်းက မနက်ဖြန် အာဆင်နယ်အသင်းနဲ့ ထပ်မံ ရင်ဆိုင်သွားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုကျော့ပွဲမှာ သူရဲ့ အကောင်းဆုံးစွမ်းရည်ကို ပြသသွားမယ်လို့ ကြွေးကြော် ပြောဆိုလိုက်ပါတယ်။

အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပါးအသင်းနဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာ ပါဝင်ကစားခဲ့ပြီးမှ သူရဲ့ ဘောလုံးသမားဘဝကို မြှင့်တင်ဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : Evening Standard

ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ ဟယ်ရီကိန်းက ဘိုင်ယန်ကို ရောက်ရှိချိန်မှာ ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူနိုင်ခဲ့ပြီး အခုဆိုရင်လည်း ဘိုင်ယန်အတွက် ဒီရာသီထဲ (၃၉)ပွဲကစား (၃၉)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့သလို (၁၂)ဂိုးအထိလည်း ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဟယ်ရီကိန်းက ဆုဖလားတွေနဲ့ ကံမစပ်သူ ဖလားလက်မဲ့ ကျိန်စာသင့်နေသူ ဖြစ်နေတာကြောင့် ဘိုင်ယန်လို နှစ်တိုင်း ဖလားတစ်လုံးလောက်က သေချာနေတဲ့ အသင်းဆီ ရောက်လာတာတောင် ဖလား(၃)လုံးအထိ လွဲချော်ထားခဲ့ရပြီး နောက်ဆုံးမျှော်လင့်ချက်က ချန်ပီယံလိဂ်သာ ကျန်ရှိနေပါတော့တယ်။

Photo Credit : Eurosport

ချန်ပီယံလိဂ်မှာ ကိန်းရဲ့ ဘိုင်ယန်က ကွာတားကို ရောက်ရှိနေပြီဖြစ်ပြီး လန်ဒန်မှာ ကစားခဲ့တဲ့ ပကျော့ပွဲစဉ်ထဲ (၂)ဂိုးစီ သရေကျထားခဲ့လို့ မြူးနစ်မှာ ကစားရမယ့် ဒုကျော့မှာ အနိုင်အရှုံး အဖြေပေါ်အောင် ကစားသွားရတော့မှာပဲ ဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး ဟယ်ရီကိန်းက “ဘွန်ဒက်စ်လီဂါက ကျွန်တော့်အတွက် ကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခုပါ။”

“ကျွန်တော် ဂျာမနီမှာ ကစားရတာကို အရမ်းနှစ်သက်ပါတယ်။ ဒီနေ့မှာသာ ကျွန်တော်တို့ အနိုင်ရလိုက်မယ်ဆိုရင်တော့ ဝင်ဘာလေဆီ ရောက်ရှိဖို့က ပွဲ (၂)ပွဲပဲ လိုပါတော့မယ်။ အခုပွဲမှာလည်း အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသသွားချင်ပါတယ်။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။