ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အက်ဒီဟောင်းက ယနေ့မနက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ် ၁-၀ အာဆင်နယ် ပွဲစဉ်အပြီးမှာ သူတို့အသင်းရဲ့ ကွင်းလယ်လူ လောင်းစတပ်ဖ်ကို ဥပဒေပ ဖျက်ထုတ်မှု လုပ်ခဲ့တဲ့ အာဆင်နယ် ကွင်းလယ်လူ ဟားဗက်ဇ် တယောက် အနီကတ် မထိတာကို အံ့ဩမိတယ်လို့ ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

နယူးကာဆယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) အဖြစ် အာဆင်နယ်ကို အိမ်ကွင်း စိန့်မေရီမှာ ဧည့်ခံ ကစားခဲ့ရပြီး နှစ်သင်းစလုံးက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ချန်ပီယံဖြစ်ခွင့် အတွက် တိုက်ပွဲဝင်နေတဲ့ အသင်းတွေ ဖြစ်တာကြောင့် အကောင်းဆုံး လူစာရင်းတွေကို ထုတ်သုံးကာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Photo Credit: Mirror

နယူးကာဆယ်နဲ့ အာဆင်နယ်တို့ နှစ်သင်းစလုံးက နိုင်ပွဲရရှိရေး အတွက် ဦးတည် ကစားခဲ့ကြတာကြောင့် ပွဲက ကောင်းခဲ့သလို နှစ်ဖက် ကစားသမားတွေရဲ့ အချင်းများမှုတွေကြောင့် ပွဲကြမ်း တပွဲ ဖြစ်ခဲ့ပြီး နယူးကာဆယ်အသင်း ရသွားတဲ့ သွင်းဂိုးကလည်း အမြင်ကွဲပြားမှုတွေနဲ့အတူ လူပြောများနေပါတယ်။

လက်ရှိမှာ နယူးကာဆယ် တောင်ပံတိုက်စစ် ကစားသမား ဂေါ်ဒွန်ရဲ့ ၆၄မိနစ် အနိုင်ဂိုး အတွက် အမြင်မတူမှုတွေ များပြားနေသလို တဖက်မှာလည်း ပွဲချိန် ၃၇မိနစ်မှာ အာဆင်နယ် ကွင်းလယ်လူ ဟားဗက်ဇ် တယောက် နယူးကာဆယ် ကွင်းလယ်လူ လောင်းစတပ်ဖ်ကို ခြေစုန်ပစ် ဝင်ကာ ဖျက်ထုတ်ခဲ့မှု အတွက် အနီကတ် မထိခဲ့မှုအပေါ် အမြင်မတူမှုတွေလည်း ရှိနေပါတယ်။

Photo Credit: The Sun

ကိုင် ဟားဗက်ဇ်က နယူးကာဆယ်ရဲ့ ကွင်းဘက်ခြမ်းမှာ တန်ပြန်တိုက်စစ် စဖို့ လုပ်နေတဲ့ လောင်းစတပ်ဖ်ကို ခြေစုန်ပစ် ဝင်ကာ ဖျက်ထုတ်ခဲ့ပြီး သူ့ရဲ့ ဖျက်ထုတ်မှုက လောင်းစတပ်ဖ်ကို မိမိရရ မထိခဲ့ပေမယ့် အန္တရာယ်များတဲ့ ဖျက်ထုတ်မှု တခု ဖြစ်တာကြောင့် ကွင်းလယ်ဒိုင်က သူ့ကို အဝါကတ် ပြသခဲ့ပါတယ်။

ဒါပေမယ့် နယူးကာဆယ် နည်းပြချုပ် အက်ဒီဟောင်းနဲ့ ကစားသမားတွေက ဟားဗက်ဇ်ကို အဝါကတ်သာ ပြသခဲ့မှု အပေါ် မကျေမချမ်း ဖြစ်ခဲ့ကြသလို ပွဲပြီးအင်တာဗျူးမှာလည်း အက်ဒီဟောင်းက ဟားဗက်ဇ်ဟာ ကံကောင်းသွားခဲ့တယ်လို့ ဆိုလာပါတယ်။

အက်ဒီဟောင်းက – “ကျွန်တော်တို့ နည်းပြအဖွဲ့ဝင်တွေက ဟားဗက်ဇ်နဲ့ လောင်းစတပ်ဖ်ရဲ့ ဖြစ်ရပ်ကို အနီးကပ် မြင်ခဲ့ကြတာပါ။ ဟားဗက်ဇ်ရဲ့ ခြေထောက်တွေက လေထဲကို ရောက်နေသလို ဒါက အရမ်းကို အန္တရာယ်များတဲ့ ဖျက်ထုတ်မှု တခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က ဟားဗက်ဇ် တယောက် အနီကတ် ထိတော့မယ်လို့ တွေးမိခဲ့ပါတယ်။ ဒါပေမယ့် ဟားဗက်ဇ်ကတော့ အဝါကတ်သာ ရခဲ့ပြီး ကံကောင်းသွားခဲ့ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။