မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒိန်းမတ် ကစားသမားတွေဖြစ်တဲ့ ရက်မတ်စ် ဟွိုင်လန်း နဲ့ ခရစ္စတီယန် အဲရစ်ဆင်တို့ နှစ်ယောက်လုံးဟာ ဒဏ်ရာ အခြေအနေများကြောင့် ဒိန်းမတ် လူစာရင်းကနေ အသီးသီး နှုတ်ထွက်သွားခဲ့ကြပြီပဲ ဖြစ်ပါတယ်။
ဆလိုဗေးနီးယား မြောက်အိုင်ယာလန်အသင်းတွေနဲ့ ရင်ဆိုင်သွားရမယ့် ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်များအတွက် ဒိန်းမတ်အသင်းက တိုက်စစ်မှူး ဟွိုင်လန်း နဲ့ ကွင်းလယ်လူ အဲရစ်ဆင်တို့ကို ရွေးချယ်ထားခဲ့ပေမယ့်လည်း ကစားသမား(၂)ယောက်လုံး ဒဏ်ရာ ပြသာနာတွေကြောင့် အသင်းလူစာရင်းကနေသာ နှုတ်ထွက်ခဲ့ရပါတယ်။
Photo Credit : Fabrizio Romano
ဟွိုင်လန်း နဲ့ အဲရစ်ဆင်တို့ နှစ်ဦးလုံးဟာ ယူနိုက်တက်က လူတန်တောင်းကို တစ်ဂိုးတည်းနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်းမှာပဲ ဒဏ်ရာတွေ ရရှိသွားခဲ့တာဖြစ်ပြီး အဲရစ်ဆင်ဆိုရင် ပွဲကို ဆက်လက် မကစားနိုင်တော့လို့ မေဆန်မောင့်နဲ့ပါ ချက်ချင်း လူစားလဲခဲ့ရပါတယ်။
တိုက်စစ်မှူးလေး ဟွိုင်လန်းကလည်း အဲ့ဒီပွဲမှာပဲ ဒဏ်ရာရသွားခဲ့တာကြောင့် အဲရစ် တန်ဟက်ဂ်က သူ့ကို မာရှယ်နဲ့ လူစားလဲခဲ့ပါသေးတယ်။ အခုတော့ ဒိန်းမတ် ကစားသမားနှစ်ယောက်က သူတို့ရဲ့ နိုင်ငံအတွက် ပါဝင်ကစားပေးဖို့ကို ဆက်လက် လွဲချော်သွားရပါတော့မယ်။
Photo Credit : beIN SPORTS
ယူနိုက်တက်အသင်းရဲ့ ဆေးအဖွဲ့တွေ စစ်ဆေးချက်များအရ အဲရစ်ဆင်က ဒူးဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး တစ်လဝန်းကျင်ခန့်လောက်အထိ အနားယူသွားရနိုင်တယ်လို့ သိရှိရပါတယ်။ ဟွိုင်လန်းကတော့ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တာဖြစ်လို့ ရက်သတ္တပတ် အနည်းငယ်ခန့်လောက် အနားယူရနိုင်တယ်လို့ ဖော်ပြလာပါတယ်။
ဒါကြောင့် ဒီကစားသမား (၂)ဦးလုံးဟာ အဲဗာတန်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အပြင် ဂါလာတာစာရေးကွင်းမှာ သွားကစားရမယ့် ချန်ပီယံလိဂ် ပွဲကျပ် ပွဲစဉ်ကိုပါ လွဲချော်ကောင်း လွဲချော်သွားရနိုင်ခြေ ရှိနေရပါတယ်။