၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အသင်းကိုလည်း ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ကူညီပေးနိုင်ခဲ့သူ တောင်ကိုရီးယား တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ အသင်းအတွက် အခုလို စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား(၁၁)ဦးစာရင်းမှာ မပါဝင်ခဲ့ပဲ အံ့အားသင့်စရာ ချန်လှပ်ခံခဲ့ရပါတယ်။

Image

Photo Credit : Twitter

တောင်ကိုရီးယား လက်ရွေးစင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ သူရဲ့ဘောလုံးသမားဘဝအတွင်း အကောင်းဆုံးသော စွမ်းဆောင်ရည် ပြသနိုင်ခဲ့တဲ့ ဘောလုံးရာသီအဖြစ် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ သူရဲ့ စပါးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၂၃)ဂိုးနဲ့ ဂိုးဖန်တီးမှု (၇)ကြိမ် ဂိုးပါဝင်ပတ်သက်မှု ဂိုး(၃၀)ထိ လုပ်ဆောင်နိုင်ခဲ့ပြီး လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလာနဲ့အတူ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပူးတွဲပိုင်ဆိုင်ခဲ့သလို အဲ့ဒီရွှေဖိနပ်ဆုကို ပထမဆုံးအကြိမ် ပိုင်ဆိုင်နိုင်ခဲ့တဲ့ အာရှသား ဘောလုံးသမား ဖြစ်လာခဲ့ရပါတယ်။

Image

Photo Credit : Twitter

ဒီလို စွမ်းဆောင်နိုင်မှုတွေနဲ့ စပါးအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ပိုင်ဆိုင်ခဲ့တဲ့ ဆွန်ဟောင်မင်ဟာ နောက်ဆက်တွဲ တစ်ဦးချင်းဆုတွေ ဆက်လက်ပိုင်ဆိုင်ရလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် ပရော်ဖက်ရှင်နယ် ဘောလုံးသမား အဖွဲ့အစည်း PFA ကနေ ရွေးချယ်ချီးမြှင့်တဲ့ PFA ရဲ့ ပရိသတ်တွေ ရွေးချယ်ပေးတဲ့ တစ်နှစ်တာ အကောင်းဆုံးဆု PFA ရဲ့ ကစားသမားတွေ ရွေးချယ်ပေးတဲ့ တစ်နှစ်တာ အကောင်းဆုံးဆုတွေမှာ ရွေးချယ်မခံခဲ့ရတဲ့အပြင် PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား (၁၁)ယောက်စာရင်းမှာပါ ချန်လှပ်ခံခဲ့ရပါတယ်။ PFA Team of the Year မှာ ဂိုးသမားနေရာ လီဗာပူးလ်ဂိုးသမား အယ်လီဆန် ခံစစ်မှာ လီဗာပူးလ် နောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက် အာနိုး ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါ မန်စီးတီးနောက်ခံလူ ကန်ဆယ်လို ကွင်းလယ်ပိုင်းမှာ လီဗာပူးလ် ကွင်းလယ်လူ သီယာဂို မန်စီးတီး ကွင်းလယ်လူတွေဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားနဲ့ ဒီဘရိုင်းနား တိုက်စစ်မှာတော့ လီဗာပူးလ် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာနေးနဲ့ မိုဆာလာ မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုတို့ အရွေးချယ်ခံခဲ့ရပြီး အာရှသားလေး ဆွန်ဟောင်မင်က တကယ်ကို အံ့အားသင့်စရာကောင်းလောက်အောင် ချန်လှပ်ခံခဲ့ရပါတယ်။