နော်တင်ဟမ် ဖောရက်စ်အသင်းကတော့ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ် ကစားသမားလေး အန်ဒရေ ဆန်းတို့စ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီးတဲ့နောက် နောက်ထပ် ဘရာဇီးလ်သားလေး တစ်ဦးကိုပါ ထပ်မံ ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဒီကစားသမားလေးကတော့ မူရီလိုဆိုတဲ့ ဘရာဇီးလ် ဗဟိုနောက်ခံ ကစားသမားလေးဖြစ်ပြီး ဒီကစားသမားကို ဘရာဇီးလ် ကလပ် ကိုရင်သီယန်စ်အသင်းကနေ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

အသက် (၂၁)နှစ်အရွယ် ခံစစ် ကစားသမားလေး မူရီလိုဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ ရေဒါထဲမှာ ပါဝင်ခဲ့တဲ့ အရည်အသွေးမြင့် ဘရာဇီးလ် ပလေယာလေးတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ နော်တင်ဟမ်နဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးမှာ ဝင်ရောက် ဆင်နွဲရတော့မှာ ဖြစ်ပါတယ်။

နော်တင်ဟမ်က မူရီလိုကို ပြောင်းရွှေ့ကြေး ယူရို (၁၂)သန်း + အပိုဆုကြေး ယူရို (၃)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး စာချုပ်ပါ အချက်အလက်ထဲမှာ sell-on clause ကိုလည်း ထည့်သွင်း ချုပ်ဆိုဖြစ်ခဲ့ပါသေးတယ်။

Photo Credit : Twitter

အသက်ငယ်ရွယ်ပြီး ခံစစ်ပိုင်း အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဒီကစားသမားလေးကို ဥရောပ ကလပ်အသင်းတွေက နော်တင်ဟမ်အသင်းကနေ ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့်လည်း ကစားသမားလေး ကိုယ်တိုင်ကတော့ နော်တင်ဟမ်ကိုသာ ရွေးချယ်သွားခဲ့ပါတယ်။

ဘယ်ခြေ အားသန်တဲ့ မူရီလိုဟာ ဗဟိုခံစစ်နေရာမှာ အဓိက ကစားတက်သူ ဖြစ်ပေမယ့်လည်း လိုအပ်ရင် ခံစစ်တန်းကိုမှ ဘယ်ခြမ်း ခံစစ်နေရာလည်း ကစားတက်သေးသလို ကွင်းလယ်ထိ တက်ပြီး ကွင်းလယ် ခံစစ် ကစားသမားအဖြစ်လည်း ကစားနိုင်သူတစ်ဦး ဖြစ်ပါတယ်။