အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်းကြီး သီယာရီ အွန်နရီက ဒီနေ့မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမယ့် ပွဲစဉ်အတွင်း မန်ချက်စတာ စီးတီးအသင်းကို ခြေချော်ဖို့ မျှော်လင့်မိပေမယ့်လည်း ဒီလို ဖြစ်လာဖို့ဆိုတာက မလွယ်ကူနိုင်ဘူးလို့ သုံးသပ် ပြောကြားလိုက်ပါတယ်။

ဒီနေ့ တနင်္ဂနွေနေ့မှာ ဒီရာသီရဲ့ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်ကို (၁၀)ပွဲလုံး တပြိုင်နက်တည်း ကစားသွားမှာဖြစ်ပြီး ဒီပွဲတွေအတွင်း မန်စီးတီးနဲ့ ဝက်စ်ဟမ်းတို့ပွဲ ၊ အာဆင်နယ်နဲ့ အဲဗာတန်တို့ပွဲတွေကတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit : Super Sports

လက်ရှိမှာ မန်စီးတီးက အဆင့်(၂)မှာ ရပ်တည်နေတဲ့ အာဆင်နယ်ထက် (၂)မှတ်အသာနဲ့ ဦးဆောင်လျက် ရှိနေပြီး ဝက်စ်ဟမ်းနဲ့ ရာသီပိတ်ပွဲကို အနိုင်ရလိုက်တာနဲ့ အာဆင်နယ်ပွဲရလဒ်ကို ကြည့်စရာမလိုပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကို (၄)ရာသီဆက်တိုက်အဖြစ် စံချိန်တင်အောင် ရရှိသွားမှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် မန်စီးတီးက ဝက်စ်ဟမ်းကို အနိုင်မကစားနိုင်ပဲ သရေကျမယ်ဆိုရင်တော့ အာဆင်နယ်က နှစ်ပေါင်း (၂၀)ကျော်အကြာမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးရနိုင်မှာဖြစ်လို့ အာဆင်နယ်ဘက်က မန်စီးတီးအသင်း ခြေချော်မှာကို မျှော်လင့်လျက် ရှိနေကြပါတယ်။

Photo Credit : Sportskeeda

အာဆင်နယ် ကစားသမားဟောင်းကြီး အွန်နရီကလည်း မန်စီးတီးအသင်း ရာသီနောက်ဆုံးပွဲစဉ်မှာ ခြေချော်သွားဖို့ မျှော်လင့်ပေမယ့် မန်စီးတီးဟာ သူတို့ရဲ့ မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်နဲ့ ရာသီနောက်ဆုံးပွဲအထိ ဖလားလုကြတဲ့ ပွဲမှာ အဂွဲရိုးရဲ့ အသည်းခွဲဂိုး သွင်းယူရင်း အောင်ပွဲရခဲ့တဲ့ အတွေ့အကြုံမျိုးတွေ များစွာ ပိုင်ဆိုင်ထားတာဖြစ်လို့ ဒီလို အချိန်မှာ ခြေချော်ဖို့ဆိုတာ ခက်ခဲတယ်လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။

မန်စီးတီးအနေနဲ့ကလည်း ဒီရာသီမှာသာ ပရီးမီးယားလိဂ်ဖလားကို ထပ်မံ ပိုင်ဆိုင်ရမယ်ဆိုရင် ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဘောလုံးရာသီ (၄)ရာသီဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပိုင်ဆိုင်မယ့်အသင်း ဖြစ်လာပါလိမ့်မယ်။