ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ ကိုင် ဟားဗက်ဇ်က သူဟာ အခွင့်အရေး ရလာမယ် ဆိုရင် ဆရာဟောင်း ဖြစ်သူ တူဟယ်လ်နဲ့ ပြန်လည် လက်တွဲဖို့ စိတ်ကူးရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် တိုက်စစ်ကစားသမား ကိုင် ဟားဗက်ဇ်က ၂၀၂၀ခုနှစ်မှာ လေဗာကူဆင် ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ ချယ်လ်ဆီးထံ စတင် ရောက်ရှိချိန်ကတည်းက အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

Photo Credit: The Sun

ကိုင် ဟားဗက်ဇ်နဲ့ တူဟယ်လ်တို့ဟာ ချယ်လ်ဆီးမှာ ၂ရာသီ နီးပါး တွဲဖက်ခဲ့ကြသူတွေ ဖြစ်ပြီး နှစ်ဦးစလုံးက ဂျာမန်လူမျိုးတွေ ဖြစ်တာကြောင့် အတော်လေး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြသလို ဟားဗက်ဇ်ဟာ တူဟယ်လ်ရဲ့ အားအကိုးရဆုံး တပည့်တဦးလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ တူဟယ်လ်က ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ်ရာထူးကို ရယူပြီးနောက် ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေကို လာမယ့် နွေဈေးကွက်မှာ ကိုင် ဟားဗက်ဇ်အား ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကလည်း တူဟယ်လ်အတွက် ဟားဗက်ဇ်ကို ခေါ်ယူပေးဖို့ ပြင်ဆင်နေပါတယ်။

Photo Credit: The Sun

ဂျာမန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bildနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ကိုင် ဟားဗက်ဇ်က သူဟာ ဆရာဟောင်း တူဟယ်လ်နဲ့ ပြန်လည် လက်တွဲဖို့ ဆန္ဒရှိကြောင်း ပြောကြားရင်း ဘိုင်ယန်မြူးနစ်အား အပြောင်းအရွှေ့ အတွက် မီးစိမ်းပြသွားခဲ့ပါတယ်။

ဟားဗက်ဇ်က – “ကျွန်တော်နဲ့ တူဟယ်လ်ရဲ့ ကြားထဲမှာ အတော်လေး ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိပါတယ်။ ကျွန်တော်က သူ့ကို ကျေးဇူးလည်း တင်ပါတယ်။ တကယ်လို့ သူနဲ့သာ ထပ်ပြီး ပူးပေါင်းခွင့် ရမယ် ဆိုရင် ကျွန်တော့်ဘက်က ပူးပေါင်းဖို့ အဆင်သင့်ပါပဲ။ ဘောလုံးလောကမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။