ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ အဓိက တိုက်စစ်ကစားသမား ဖြစ်သူ ကိုင် ဟားဗက်ဇ်က လာမယ့် နွေဈေးကွက် အတွင်းမှာ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူးလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ကာရင် ဘန်ဇီမာကို လက်လွှတ်ခဲ့ရပြီးနောက် လာမယ့် နွေဈေးကွက် အတွင်းမှာ တိုက်စစ်ပိုင်း အတွက် ကစားသမား ၂ဦး အထိ ခေါ်ယူဖို့ ရည်မှန်းထားပြီး ရီးရဲလ်မက်ဒရစ်ရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားကတော့ ကိုင် ဟားဗက်ဇ်ပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ် အန်ဆလော့တီနဲ့ တာဝန်ရှိသူတွေက ကွင်းလယ်တိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ တိုက်စစ်မှူး နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ ကိုင် ဟားဗက်ဇ်ကို ခေါ်ယူဖို့ မျက်စိကျနေကြပြီး ချယ်လ်ဆီးကလည်း လာမယ့်ရာသီ အတွက် ဥရောပဝင်ခွင့် မရထားတာကြောင့် ဘဏ္ဍာရေး အခြေအနေ ထိန်းညှိနိုင်ဖို့ ဟားဗက်ဇ် အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် ဟားဗက်ဇ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဟားဗက်ဇ်က ချယ်လ်ဆီးကို စွန့်ခွာပြီး ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့် လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ရီးရဲလ်မက်ဒရစ်က ဟားဗက်ဇ် အတွက် ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပြီး ချယ်လ်ဆီးကလည်း ဟားဗက်ဇ်ကို ရောင်းချချင်နေတာကြောင့် မကြာခင်မှာပဲ ဟားဗက်ဇ်ရဲ့ အပြောင်းအရွှေ့ဟာ ပြီးပြတ်ဖွယ် ရှိနေကြောင်း သိရပါတယ်။

Photo Credit: Clutch Points

အသက် ၂၃နှစ် အရွယ် ဂျာမဏီလက်ရွေးစင် တိုက်စစ်ကစားသမား ကိုင် ဟားဗက်ဇ်က ၂၀၂၀ခုနှစ်မှာ လေဗာကူဆင် ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ချယ်လ်ဆီးအတွက် ၃ရာသီ အတွင်းမှာ ပြိုင်ပွဲစုံ ၁၃၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃၂ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးက ကိုင် ဟားဗက်ဇ်ကို ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း အထိ သုံးစွဲခဲ့ရပေမယ့် ယခု နွေဈေးကွက် အတွင်းမှာ ဟားဗက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် ရရှိရုံနဲ့ ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။