အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား ကိုင်း ဟာဗက်ဇ်က ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အရေးပါနေတဲ့ စပါးနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်က စပါးအသင်းကို အမာခံ ပရိသတ်တစ်ဦးလိုမျိုး အားပေးသွားရတော့မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့က ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အကြိတ်အနယ် ဖြစ်နေကြပြီး အာဆင်နယ်က ပွဲပေါင်း (၃၇)ပွဲကစား ရမှတ် (၈၆)မှတ်နဲ့ အဆင့်(၁)နေရာမှာ ရှိနေသလို မန်စီးတီးကတော့ ပွဲပေါင်း (၃၆)ပွဲ ရမှတ် (၈၅)မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေရပါတယ်။

Photo Credit : Sports Tiger

လက်ကျန်ပွဲ တစ်ပွဲ ကစားဖို့ ရှိနေတဲ့ မန်စီးတီးက ဒီကြားရက်ထဲမှာပဲ စပါးအသင်းနဲ့ အဝေးကွင်းမှာ ပွဲကျပ်ကစားရပါလိမ့်မယ်။ မန်စီးတီးက စပါးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရတိုင်း ရုန်းကန်နေရတက်ပြီး ရလဒ်တွေလည်း ဆိုးရွှားနေတက်တာက စီးတီးအတွက် သတိထားရစရာ ဖြစ်နေရပါတယ်။

စပါးနဲ့ အာဆင်နယ်တို့ဟာ ခါးသီး ဒါဘီပြိုင်ဘက်တွေ ဖြစ်နေကြပြီး စပါးအနေနဲ့ကလည်း သူတို့ရဲ့ အခါးသီးဆုံး မြို့ခံကလပ် အာဆင်နယ်အသင်းရဲ့ ချန်ပီယံ မျှော်လင့်ချက်ကိုပါ ရိုက်ချိုးဖွယ်လည်း ရှိနိုင်ပေမယ့် စပါးက လက်ရှိအချိန်ထိ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်လေး ခပ်ရေးရေး ရှိနေတာကလည်း စဉ်းစားစရာပါ။

Photo Credit : Daily Mail

စိတ်ဝင်စားစရာကောင်းတာက ဒီပွဲမတိုင်ခင် ဗီလာနဲ့ လီဗာပူးလ်တို့ပွဲ ကစားဖို့ရှိနေပြီး တကယ်လို့ ဗီလာသာ ရှုံးပွဲတွေ့သွားခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့် နေရာအတွက် စပါးက မန်စီးတီးကို ပိုမို အာရုံစိုက် ကစားလာနိုင်ပါတယ်။ တကယ်လို့ ဗီလာသာ လီဗာပူးလ်ကို အနိမ့်ဆုံး သရေရအောင် ကစားနိုင်ရင်တော့ စပါးအနေနဲ့ စီးတီးနဲ့ပွဲကို စိတ်မပါလက်မပါ ကစားသွားနိုင်ပါတယ်။

ဒါပေမယ့် အာဆင်နယ် ကြယ်ပွင့် ဟာဗက်ဇ်ကတော့ “ကျွန်တော်ကတော့ အင်္ဂါနေ့မှာ တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ အမာခံ ပရိသတ်ကြီး ဖြစ်လာရပါတော့မယ်။ ကျွန်တော်တို့အားလုံး အဲ့ဒီပွဲမှာ ကျွန်တော်တို့အတွက် အကောင်းဆုံး ရလဒ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။