ဒီနွေမှာ တော့တင်ဟမ် ဟော့စပါးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းက ဒီနှစ် ဘောလုံးရာသီမှာ သူရဲ့အသင်းဟောင်း စပါးကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာစေချင်တယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။
စပါးအသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့ပြီး ဒီနွေမှသာ အသင်းအပြောင်းအလဲ လုပ်ဆောင်သွားခဲ့တဲ့ ဟယ်ရီကိန်းဟာ သူက စပါးအသင်းကို အားပေးတဲ့ ပရိသတ်တစ်ဦးအနေနဲ့ ဆက်လက် ရှိနေသွားမှာဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
Photo Credit : Sky Sports
“ကျွန်တော်ရဲ့ ကစားသမားဘဝတစ်လျှောက်လုံး ကျွန်တော်ဟာ တော့တင်ဟမ် ပရိသတ်တစ်ဦး ဖြစ်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဆိုထားခဲ့ပါတယ်။ ဆိုတော့ စပါးအသင်း အခြေအနေကောင်းနေတာကိုပဲ ကျွန်တော် မြင်ချင်ပါတယ်။ အခုဆိုရင် စပါးက တော်တော်လေး ကောင်းမွန်နေပါပြီ။ ဒီလို မြင်တွေ့ရတာလည်း ဝမ်းသာမိတယ်။”
“ကျွန်တော် အရင်က ပြောဖူးတယ် ထင်တယ်။ နည်းပြက အသင်းအတွက် အကောင်းဆုံး လုပ်ပေးနေတယ်ဆိုတာ။ ပရိသတ်တွေကလည်း အသင်းရဲ့နောက်မှာ ရှိနေကြတယ်။ ဒါကလည်း လွန်ခဲ့တဲ့ နှစ်အနည်းလောက်ကတည်းက အသင်းအတွက် လိုအပ်နေတဲ့ အရာတွေပါ။ ကျွန်တော်ကတော့ စပါးကို အမြဲ စောင့်ကြည့် အားပေးသွားမှာပါ။”
Photo Credit : The Japan Times
“ဆက်သွားရမယ့် ခရီးလမ်းက အဝေးကြီး ရှိနေသေးတယ် ဆိုပေမယ့်လည်း သူတို့တွေ ဆက်လက် ချီတက်သွားနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ စပါးအသင်းကိုလည်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာစေချင်ပါတယ်။” လို့ ဟယ်ရီကိန်းက ပြောဆိုသွားခဲ့ပါတယ်။
အသက် (၃၀)အရွယ်ရှိ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၄၃၅) ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး စုစုပေါင်း (၂၈၀)အထိ သွင်းယူနိုင်ခဲ့ကာ စပါးအသင်းရဲ့ အမြဲတမ်း ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်နဲ့လည်း စံချိန်တင်ရှိထားနိုင်ခဲ့ပါတယ်။