ဘိုင်ယန်မြူးနစ်အသင်းက ဘွန်ဒက်စ်လီဂါပြိုင်ဘက် လေဗာကူဆင်အသင်းကို (၃)ဂိုးပြတ်နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ဘိုင်ယန်နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ အနာဂတ် အခြေအနေတွေဟာလည်း တော်တော်လေးကို ဝေဝါးလာခဲ့ရပါတယ်။

မနှစ်က ဘောလုံးရာသီရဲ့ ဒုတိယ လက်ကျန် ရာသီဝက်အကျော်လောက်မှ ဘိုင်ယန်နည်းပြ ရာထူးကို လက်ခံခဲ့ရတဲ့ နည်းပြတူဟယ်လ်ဟာ ဒီရာသီမှာတော့ ပြည်တွင်း ဆုဖလား (၂)ခုလုံး လက်လွတ်ခဲ့ရပြီ ဖြစ်သလို အမှတ်ပေးဖလားဘက်မှာလည်း လေဗာကူဆင်နဲ့ (၅)မှတ်အထိပါ အမှတ်ပြတ်နေရပါတယ်။

Photo Credit : Bavarian Football Works

ဒါကြောင့်ပဲ တူဟယ်လ်ရဲ့ အနာဂတ်က တော်တော် လှုပ်ခတ်လာခဲ့ရပြီး ဘိုင်ယန်ကလည်း တူဟယ်လ်နေရာမှာ အစားထိုးဖို့အတွက် လေဗာကူဆင် နည်းပြ အလွန်ဆိုကို ပစ်မှတ်ထားလာခဲ့သလို လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြကြီး မော်ရင်ကိုဟာလည်း ဘိုင်ယန်နည်းပြ ရာထူးကို စိတ်ဝင်စားနေပါတယ်။

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ မော်ရင်ဟိုက ဂျာမန်ဘာသာစကားကိုပါ လေ့လာနေပြီလို့ ဖော်ပြလာကြသလို အင်္ဂလန် စပိန် အီတလီ နဲ့ ပေါ်တူဂီတို့မှာသာ နည်းပြအဖြစ် ကျင်လည်ခဲ့ဖူးတဲ့ မော်ရင်ဟိုက ဂျာမန်ကလပ် တစ်သင်းသင်းကို ကိုင်တွယ်သွားဖို့လည်း စိတ်ဝင်စားနေမှာ သေချာပါတယ်။

Photo Credit : Cartilage Free Capatin

တကယ်လို့ ဘိုင်ယန်မြူးနစ်သာ စပယ်ရှယ်ဝမ်း နည်းပြကြီး မော်ရင်ဟိုကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်လိုက်မယ်ဆိုရင်တော့ အသင်းရဲ့ တိုက်စစ်ကစားသမား ဟယ်ရီကိန်းနဲ့ ပြီးခဲ့တဲ့ ဆောင်းဈေးကွက်ကမှ ခေါ်ယူထားတဲ့ အဲရစ် ဒိုင်ယာတို့ဟာ သူတို့နည်းပြဟောင်းကြီးနဲ့ ပြန်လည် လက်တွဲရတော့မှာပဲ ဖြစ်ပါတယ်။

ဒီကစားသမား (၂)ဦးဟာ စပါးအသင်းမှာ ပါဝင်ကစားခဲ့စဉ်တုန်းက နည်းပြ မော်ရင်ဟိုနဲ့ လက်တွဲခဲ့ဖူးပြီး အခု ဘိုင်ယန်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေရတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းက မော်ရင်ဟိုကို ဘိုင်ယန်နည်းပြသစ် ဖြစ်လာစေချင်နေပြီး မော်ရင်ဟိုကို ကြိုဆိုနေမယ်လို့လည်း သိရပါတယ်။