တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဟာရီကိန်းက ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေပြီး ဆွေးနွေးမှုတွေက အပြုသဘောဆောင်နေသလို ကိန်းအနေနဲ့လည်း ဘိုင်ယန်ဆီ ပြောင်းရွှေ့ဖို့ လိုလားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Planet Sport

အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ကိန်းဟာ ဒီနွေမှာ အနာဂတ် လှုပ်ခတ်လျက် ရှိနေပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ပိုမို ထွက်ပေါ်ထားခဲ့ပေမယ့်လည်း စပါးအသင်းဘက်က ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေဆီ ကိန်းကို မရောင်းချချင်သလို စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ အသက် (၃၀)အရွယ် ကစားသမားအတွက် စပါးက ပေါင် သန်း(၁၀၀) သတ်မှတ်ထားတာကလည်း ယူနိုက်တက်ကို အခက်တွေ့စေခဲ့ရပါတယ်။ ဒီအချိန်မှာ ပရီးမီးယားလိဂ် ပြင်ပကလပ် ဘိုင်ယန်မြူးနစ်ကို ကိန်းကို ချဉ်းကပ်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

Photo Credit : Eurosport

ဘိုင်ယန်က ရောဘတ်လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းဆီ လက်လွတ်ပြီးကတည်းက အသင်းအတွက် တိုက်စစ်ပိုင်းမှာ အားနည်းမှုတွေ ဖြစ်ပေါ်လာခဲ့ရပြီး ပြန်လည် ခေါ်ယူထားတဲ့ ဆာဒီယိုမာနေးမှာလည်း ဂျာမန်မြေမှာ အထိုင်ကျဖို့ ရုန်းကန်နေရတာကြောင့် ကိန်းလို ကမ္ဘာ့အကောင်းဆုံး အထောင် တိုက်စစ်ကစားသမားတစ်ဦးကို ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်က လက်ရှိမှာ ဒေသတွင်း ပြိုင်ဘက်တွေဖြစ်တဲ့ ဒေါ့မွန် လိုက်ပ်ဇစ်တို့ကနေ ဂွာဟေရို နဲ့ လိုင်းမားတို့ကိုသာ အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားခဲ့ပါတယ်။

Photo Credit : TEAMtalk

လက်ရှိ ဘိုင်ယန်နည်းပြ သောမတ်စ်တူဟယ်လ်ဟာလည်း အသင်းဟောင်း ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးချိန် ပရီးမီးယားလိဂ်ရဲ့ ကြယ်ပွင့် ကစားသမားတွေဖြစ်တဲ့ ဟာရီကိန်း ဒက်ကလန်ရိုက်စ်တို့ရဲ့ စွမ်းဆောင်ရည်တွေကို သတိထားမိခဲ့တာကြောင့် ဈေးကွက်ဖွင့်ချိန်မှာ ဒီကစားသမားတွေကို ဂျာမန်မြေဆီ ခေါ်ဆောင်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်ယန်က ဟာရီကိန်းအတွက် ပေါင် (၈၅)သန်းအထက်နဲ့ ကမ်းလှမ်းသွားဖို့တော့ ဆန္ဒမရှိဘူးလို့လည်း Sky Germany ကနေ ဖော်ပြထားခဲ့ပါတယ်။