ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ သူရဲ့ ဘိုင်ယန်ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ အတော်လေးကို ဂိုးမြူးနေခဲ့ရာ အခုဆိုရင် စံချိန်သစ်တစ်ခုပါ တင်ရှိသွားနိုင်ခဲ့ပါတယ်။

မနေ့က ဒမ်းစတက်ဇ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်ထဲ ဟယ်ရီကိန်းက ဘိုင်ယန်အတွက် သွင်းဂိုး(၁)ဂိုး သွင်းယူပေးနိုင်ခဲ့ရာ အခုဆိုရင်တော့ သူရဲ့ ဘွန်ဒက်စ်လီဂါ သွင်းဂိုး အရေအတွက်က (၃၁)ဂိုးအထိတောင် ရှိလာခဲ့ရပါတယ်။

Photo Credit : X

ဘွန်ဒက်စ်လီဂါပြိုင်ပွဲ သမိုင်းတစ်လျှောက် ပြိုင်ပွဲဝင် အသင်းတစ်သင်းသင်းအတွက် ပွဲဦးထွက် ကစားရင်း အခုလို လိဂ်ဂိုး (၃၁)ဂိုးအထိ သွင်းယူနိုင်တဲ့ ကစားသမားက တစ်ဦးတစ်ယောက်မှကို မရှိသေးပဲ ဟယ်ရီကိန်း တစ်ဦးတည်းသာ ဘွန်ဒက်စ်လီဂါ ပွဲဦးထွက်မှာ (၃၁)ဂိုးအထိ ပထမဆုံးအကြိမ်အဖြစ် သွင်းယူနိုင်ခဲ့ရင်း စံချိန်သစ် စိုက်ထူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဟယ်ရီကိန်းက သူရဲ့ကစားသမားဘဝအတွင်းမှာပဲ ဘောလုံးရာသီတိုင်းလိုလိုမှာ အမှတ်ပေးလိဂ်ဂိုး (၃၁)ဂိုးအထိ တစ်ကြိမ်မှ သွင်းယူနိုင်ခဲ့ခြင်း မရှိသေးပဲ အခု ဘိုင်ယန်အသင်းအတွက် ကစားပေးရချိန်မှသာ အမှတ်ပေးလိဂ်ဂိုး (၃၁)ဂိုးကို သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : Livescore

ဒီလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့ ဟယ်ရီကိန်းဟာ အဲ့ဒီ ဒမ်းစတက်ဇ်နဲ့ပွဲမှာပဲ ဂိုးတိုင်နဲ့ ထိခိုက်မိရင်းနဲ့ ခြေချင်းဝတ်ကို အနည်းငယ် ထိခိုက်မိသွားခဲ့ရလို့ ဒုတိယပိုင်း ပြီးခါနီးမှာ ချူပိုမိုတင်းနဲ့ လူစားလဲခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ် နည်းပြဖြစ်သူ သောမတ်စ် တူဟယ်လ်ကတော့ ဟယ်ရီကိန်းက ဂိုုးတိုင်နဲ့ ထိခိုက်မိခဲ့ရာကနေ သူရဲ့ ခြေချင်းဝတ်နဲ့ အဆစ် အနည်းငယ် လွဲသွားခဲ့လို့ ရေခဲနဲ့အုပ်ထားရပြီး အရမ်း မဆိုးရွှားဖို့ မျှော်လင့်တယ်လို့ မှတ်ချက်ပြု ပြောဆိုထားခဲ့ပါတယ်။