အေဂျက်စ်ကနေ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့ပြီး အောင်မြေလို့ ယူဆရမယ့် ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲဆီ ပြန်လည် ခြေချဖြစ်ခဲ့တဲ့ တိုက်စစ်မှူး ဆီဘက်စတီယန်ဟယ်လာဟာ ဒေါ့မွန်အတွက် တစ်ပွဲမှကို ပါဝင်ကစားရခြင်း မရှိသေးခင် အသင်းနဲ့အတူ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်အတွက် လိုက်ပါလာစဉ်မှာပဲ သူ့မှာ ဝှေးစေ့ကင်ဆာ ခံစားနေကြောင်း တွေ့ရှိခဲ့ရပြီး ကုသမှုတွေ ခံယူခဲ့ရပါတယ်။

Photo Credit : CNN

အိုင်ဗရီကို့စ် လက်ရွေးစင် တိုက်စစ်မှူး ဟယ်လာဟာ ဘွန်ဒစ်လီဂါကလပ် ဖရန့်ဖတ်အသင်းမှာ ပါဝင်ကစားနေစဉ်က သူရဲ့ ခြေစွမ်းပိုင်းကို ဘောလုံးပရိသတ်တွေ စတင် သတိထားမိခဲ့ကြပြီး အဲ့ဒီကနေ ၂၀၁၉ခုနှစ်မှာပဲ ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဟယ်လာက ဝက်စ်ဟမ်းမှာတော့ ထင်ထားသလောက် စွမ်းဆောင်နိုင်ခြင်းမရှိလို့ ၂၀၂၁ခုနှစ် ဆောင်းဈေးကွက်မှာ အေဂျက်စ်အသင်းဆီ ပြန်လည် ပြောင်းရွှေ့ဖြစ်ခဲ့ရာကနေ ဟယ်လာရဲ့ ဘောလုံးသမားဘဝက တစ်ဆစ်ချိုး ပြောင်းလဲလာခဲ့ပါတယ်။ အေဂျက်စ်မှာ တစ်ရာသီခွဲအတွင်း သွင်းဂိုး စုစုပေါင်း (၄၇)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဟယ်လာကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကပါ ပြန်လည် စိတ်ဝင်စားလာခဲ့ပြီး နောက်ဆုံးမှာတော့ ဒေါ့မွန်က အရ ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit : The Mirror

ဒေါ့မွန်မှာ ဟာလန်းရဲ့ ကွက်လပ်ကို အစားထိုး ဝင်ရောက်ဖို့ ဟန်ပြင်နေတဲ့ ဟယ်လာက မထင်မှတ်ပဲ ဝှေးစေ့ကင်ဆာ ဝေဒနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ကင်ဆာပျံ့နှံမှု မရှိအောင် ခွဲစိတ်မှုတွေနဲ့ ဓာတုကုထုံးတွေကိုသာ ခံယူလာခဲ့ရပါတယ်။ ဟယ်လာဟာ ကင်ဆာဆဲလ်တွေ ထပ်မပျံ့နှံလာဖို့အတွက် ခွဲစိတ်မှု (၂)ကြိမ်နဲ့ ဓာတုကုထုံး (၄)ကြိမ်ကို ခံယူခဲ့ရပါတယ်။ ကုသမှုများ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီးနောက်မှာတော့ ဟယ်လာက အခုလထဲမှာပဲ အသင်းနဲ့အတူ အချိန်ပြည့် လေ့ကျင့်ခန်းဆင်းမှုတွေ ပြန်လည် လုပ်ဆောင်လာနိုင်သလို စပိန်နိုင်ငံ တောင်ပိုင်းမှာ winter camp ဝင်နေတဲ့ အသင်းနဲ့ပါ ပူးပေါင်းနိုင်ခဲ့ပါတယ်။ ဇန်နဝါရီ(၁၀)ရက်နေ့မှာတော့ ဟယ်လာဟာ ဒေါ့မွန်နဲ့ ဒူဆယ်ဒေါ့ဖ်အသင်းတို့ရဲ့ ခြေစမ်းပွဲအတွင်း မိနစ်အနည်းငယ် ပါဝင်ကစားလာခဲ့ပြီး ဘောလုံးပြန်ကစားဖို့ အဆင့်သင့် ဖြစ်နေကြောင်းကို ပြသနိုင်ခဲ့တဲ့အပြင် မနေ့ညက ကစားသွားခဲ့တဲ့ ဒေါ့မွန်နဲ့ ဘေဆယ်လ်အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်မှာလည်း ပွဲကစားချိန် (၆၁)မိနစ်မှာ လူစားဝင်လာခဲ့ကာ (၈၁)မိနစ် (၈၆)မိနစ်နဲ့ (၈၈)မိနစ်တွေမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။