ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက ညာနောက်ခံလူ ဟာခီမီဟာ ဖလား ၃လုံး ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ စိတ်ဝင်စားမှုကို ရရှိနေပေမယ့် ပီအက်စ်ဂျီမှာသာ ဆက်နေဖို့ ဆုံးဖြတ်ထားကြောင်း သူ့ရဲ့ အေးဂျင့်ဖြစ်သူ ကာမာနိုက နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် မော်ရိုကို လက်ရွေးစင် ညာနောက်ခံလူ ဟာခီမီက တိုက်စစ်အားသန် ညာနောက်ခံလူ တဦး ဖြစ်သလို လက်ရှိ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူတွေထဲက တဦး ဖြစ်ပြီး သူဟာ ပီအက်စ်ဂျီနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်နေသေးသူပါ။

 

Phot0 Credit: Sport Bible

ဟာခီမီက အတက် ၊ အဆင်း မြန်သလို ဘောလုံးကိုင် ကစားရာမှာ ထူးချွန်ပြီး သူက ပီအက်စ်ဂျီအတွက် ၂ရာသီ အတွင်းမှာ ပြိုင်ပွဲစုံ ၈၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၂ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဝါရင့် ညာနောက်ခံလူ ဝေါ်ကာရဲ့ နေရာကို အစားဝင်နိုင်မယ့် အရည်အသွေးမြင့် ညာနောက်ခံလူ တဦး ရှာဖွေနေတဲ့ မန်ချက်စတာ စီးတီးက ဟာခီမီကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး မန်ချက်စတာ စီးတီးဟာ ဟာခီမီအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီ ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

Photo Credit: Goal

ဒါပေမယ့် ဟာခီမီရဲ့ အေးဂျင့်ဖြစ်သူ ကာမာနိုကတော့ သူ့ရဲ့ ကစားသမားဟာ ပီအက်စ်ဂျီမှာပဲ ပျော်ရွှင်နေတာကြောင့် အသင်းပြောင်းဖို့ မရှိသေးကြောင်း ပြောကြားကာ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဆိုတဲ့ သတင်းတွေကို ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

ကာမာနိုက – “ဟာခီမီက ပီအက်စ်ဂျီမှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ထားတာပါ။ ပဲရစ်က သူ့ရဲ့ စိတ်ထဲမှာ ၁၀၀ရာခိုင်နှုန်း ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပရောဂျက်က ပီအက်စ်ဂျီပါပဲ။ ကျွန်တော်က ပီအက်စ်ဂျီ အားကစားဒါရိုက်တာ ကန်ပို့စ်ကို လေးစားမှု အပြည့် ရှိသလို ကန်ပို့စ်က ယုံကြည်လို့ ရတဲ့ လူတဦးလို့ ထင်ပါတယ်။ ကန်ပို့စ်က ပီအက်စ်ဂျီရဲ့ အခြေအနေတွေကို ပြောင်းပြန် လှန်ပစ်နိုင်ပါလိမ့်မယ်။ ဒီလိုပဲ ဟာခီမီကလည်း ပီအက်စ်ဂျီရဲ့ အောင်မြင်မှုတွေမှာ အရေးပါတဲ့ ကစားသမား တဦး ဖြစ်လာပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။