မန်ချက်စတာ စီးတီးအသင်းရဲ့ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဘောလုံးသမားတွေ အားလုံးထဲမှာ ဝင်ငွေ ပေါင်တစ်ဘီလီယံအထိ ရရှိတဲ့ ပထမဆုံးသော ကစားသမားတစ်ဦး ဖြစ်လာနိုင်တယ်လို့ အေးဂျင့်ဖြစ်သူ ရာဖယ်လ်လာက ခန့်မှန်း ပြောဆိုလာခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းက လက်ရှိမှာလည်း တစ်ပတ်ကို သူရဲ့တစ်ပတ်လုပ်ခ အပါအဝင် သွင်းဂိုး+နိုင်ပွဲ အပိုဆုကြေးတို့နဲ့ ပေါင်းစပ်ပြီး ပေါင် (၈၅၀၀၀၀)လောက်အထိ ဝင်ငွေ ရရှိနေသူလည်း ဖြစ်ပါတယ်။

Photo Credit : InsideSport

ဒီဝင်ငွေဟာ အလွန်ကို များပြားလွန်းတဲ့ ပမာဏမျိုး ဖြစ်ပေမယ့်လည်း ဒါဟာ ဟာလန်းအတွက်တော့ ကနဦးပိုင်း ဝင်ငွေသာ ရှိသေးပြီး နောက်ဆိုရင် ဒီထက်မက စံချိန်တင် ဝင်ငွေတွေအထိပါ ရရှိလာနိုင်လိမ့်မယ်လို့ ဟာလန်း အေးဂျင့် ရာဖယ်လ်လာက ဟောကိန်းထုတ်လာခဲ့ပါတယ်။

“ပြောင်းရွှေ့ကြေးက အဲ့ဒီပမာဏလောက်အထိ ရောက်ရှိလိမ့်မယ်လို့ ကျွန်မ ပြောတာ မဟုတ်ပါဘူး။ ကျွန်မ ပြောတာက ကစားသမားဘဝ တစ်လျှောက်လုံးကနေ ထွက်ပေါ်လာမယ့် လုပ်ခလစာအကြောင်းပါ။ ဒီနေ့ခေတ်မှာဆိုရင် အနည်းဆုံး (၃၅)နှစ်လောက်အထိ ဘောလုံးကစားနိုင်ပြီမို့ လစာ ပြောင်းရွှေ့ကြေး ရုပ်သံထုတ်လွှင့်မှု စပွန်ဆာတွေ လက်မှတ် နဲ့ ဂျာစီရောင်းချမှုတွေကိုပါ စဉ်းစားရပါတော့မယ်။”

Photo Credit : The Sun

“အာလင်းလို ကစားသမားမျိုးကတော့ ပေါင်တစ်ဘီလီယံလောက်အထိ ဝင်ငွေတိုးလာနိုင်တယ်။ ဗီဒီယိုဂိမ်းဘက်ကနေ ရလာတဲ့ ဝင်ငွေတွေကလည်း သိသိသာသာ တိုးလာတယ်။ Metaverse မှာလည်း ဟာလန်း ဒစ်ဂျစ်တယ် တစ်ခုကို ယူရို (၂၀၀၀) ကနေ ယူရို သန်း(၁၀၀)လောက်အထိ ရောင်းချရနိုင်တယ်။”

“တစ်နေ့မှာလည်း ဘောလုံးပွဲတွေကို နေအိမ်မှာပဲ နည်းပညာ အသစ်အဆန်းတွေနဲ့ ထုတ်လုပ်ထားတဲ့ မျက်မှန်တွေကနေ တစ်ဆင့် ကြည့်ရှုတာမျိုးတွေလည်း ဖြစ်လာနိုင်တယ်။ အဲ့ဒီအခါကျရင် ဘာနေဗျူး ဒါမှမဟုတ် အီတီဟတ်ကွင်းထဲကို လာရောက် မကြည့်ရှုနိုင်တဲ့ သူတွေကိုလည်း အဲ့ဒီ မျက်မှန်တွေကနေ ကြည့့်ရှုဖို့ လက်မှတ် ရောင်းချပေးနိုင်လိမ့်မယ်။ ဒီလိုတွေက ဟာလန်းရဲ့ ဝင်ငွေက မယုံနိုင်လောက်တဲ့အထိ တိုးပွားလာနိုင်ပါတယ်။” လို့ ရာဖယ်လ်လာက ခန့်မှန်း ပြောဆိုသွားခဲ့ပါတယ်။