မန်ချက်စတာစီးတီးအသင်းရဲ့ နော်ဝေ တိုက်စစ်ကစားသမား အာလင်းဟာလန်းဟာ မန်စီးတီးက ဝုလ်ဗ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်းမှာ အသင်းအတွက် ဟက်ထရစ် သွင်းယူခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ဒ် ကစားသမားဟောင်းကြီး ရုဒ်ဗန်နစ္စတယ်ရွိုင်း တင်ရှိထားတဲ့ ပရီးမီးယားလိဂ် စံချိန်ကိုပါ ရိုက်ချိုးသွားနိုင်ခဲ့ပါတယ်။

Photo Credit : Manchester United

နယ်သာလန် ကစားသမားဟောင်းကြီး နစ္စတယ်ရွိုင်းဟာ နယ်သာလန်ကလပ် PSV ကနေ ယူနိုက်တက်ဒ်အသင်းဆီ ပြောင်းရွေ့လာခဲ့စဉ်တုန်းက ပရီးမီးယားလိဂ်မှာ ပွဲပေါင်း(၁၅၀)ကစားခဲ့ပြီး စုစုပေါင်း (၉၅)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးသွင်းအားကောင်းသူဖြစ်တဲ့ နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်ဒ်အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၆၅)ပွဲ ကစားပြီးချိန်မှာ ဟက်ထရစ် စုစုပေါင်း (၄)ကြိမ်အထိ ရယူနိုင်ခဲ့ရင်းနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ်(၄)ကြိမ်ကို ပွဲအနည်းဆုံးနဲ့ ရရှိထားနိုင်သူအဖြစ် စံချိန်တင်ခဲ့ပါတယ်။

DGW20 FPL stats: Triple Captain relief for Haaland backers

Photo Credit : Premier League

ဒါပေမယ့် ဒီရာသီမှ ပရီးမီးယားလိဂ်ကို စတင် ခြေချလာခဲ့တဲ့ နော်ဝေသားလေး ဟာလန်းကတော့ ပရီးမီယားလိဂ်ပွဲပေါင်း (၁၉)ပွဲသာ ကစားထားရချိန်မှာ ဟက်ထရစ်(၄)ကြိမ်အထိ ရယူနိုင်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ် legend ကြီး နစ္စတယ်ရွိုင်းထက် (၄၆)ပွဲတောင်စောပြီး စံချိန်ဟောင်းကိုပါ ရိုက်ချိုးသွားခဲ့ပါတယ်။ ဟာလန်းက ဝုလ်ဗ်နဲ့ ပွဲစဉ်မှာ မန်စီးတီးအတွက် အနိုင်ဂိုး (၃)ဂိုးလုံးကို သွင်းယူလိုက်ပြီးချိန်မှာ နစ္စတယ်ရွိုင်းရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပူးတွဲပိုင်ဆိုင်ခဲ့ကြတဲ့ မိုဟာမက်ဆာလာနဲ့ ဆွန်ဟောင်မင်တို့ရဲ့ (၂၃)ဂိုးတွေကိုပါ ကျော်လွန်ပြီး လိဂ်ဂိုး (၂၅)ဂိုးထိ ရှိလာခဲ့ပါတယ်။ ဟာလန်းက ဘွန်ဒစ်လီဂါမှာ (၂)နှစ်အတွင်း ဟက်ထရစ် (၃)ကြိမ်သာ ရရှိခဲ့ပေမယ့်လည်း မန်စီးတီးမှာတော့ ဒီဘရိုင်းနားလို ကစားသမားမျိုး ရှိနေတဲ့အတွက် ဂိုးတွေ များစွာ သွင်းယူနိုင်ဖို့က ပိုမို အခြေအနေကောင်းနေရတာ ဖြစ်ပါတယ်။ ဒီလို ဂိုးသွင်းအားကောင်းနေတဲ့ ဟာလန်းကတော့ ဒီရာသီရဲ့ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုနဲ့ ဥရောပရွေဖိနပ်ဆုတို့ကို ပိုင်ဆိုင်နိုင်ဖို့က သေချာသလောက်ကို ရှိနေပါတယ်။