ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ စီးတီးရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းက ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ မန်ချက်စတာမြို့ အတွင်း ကားမောင်းရင်း ဖုန်းသုံးမိခဲ့တာကြောင့် မန်ချက်စတာရဲတပ်ဖွဲ့ရဲ့ စုံစမ်း စစ်ဆေးမှုကို ခံနေရကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက ယခုနှစ် ဘောလုံးရာသီ အစကမှ ဒေါ့မွန် ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ စီးတီး အတွက် ဒီရာသီမှာ ၃၇ပွဲ ပါဝင် ကစားပေးထားရာ ၄၂ဂိုး အထိ သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Mirror

အာလင်း ဟာလန်းက မိခင်နိုင်ငံ ဖြစ်တဲ့ နော်ဝေအတွက် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေကို ကစားပေးဖို့ ပြင်ဆင်နေရင်း အသေးစားဒဏ်ရာ ရသွားတာကြောင့် မန်ချက်စတာမြို့ဆီ ပြန်လာကာ လိုအပ်တဲ့ ဆေးကုသမှုတွေ ခံယူနေရပါတယ်။

ဗြိတိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sunရဲ့ ဖော်ပြချက်အရ အာလင်း ဟာလန်းက မန်ချက်စတာ စီးတီး ၇-၀ လိုက်ပ်ဇစ် ပွဲအပြီး နောက်တရက်မှာပဲ မန်ချက်စတာမြို့ အတွင်း သူ ပိုင်ဆိုင်တဲ့ ရိုးရွိုက်စ်ကားကို မောင်းနေရင်း ဖုန်းသုံးမိခဲ့တာကြောင့် ရဲတပ်ဖွဲ့ရဲ့ စုံစမ်း စစ်ဆေးမှုကို ခံနေရကြောင်း သိရပါတယ်။

Photo Credit: Talksports

မန်ချက်စတာမြို့ ရဲတပ်ဖွဲ့က ဟာလန်း တယောက် ကားမောင်းရင်း ဖုန်းသုံးနေတာကို စီစီတီဗွီမှတ်တမ်းတွေ ကနေ တဆင့် တွေ့သွားတာကြောင့် ဟာလန်းကို လိုအပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ပေးဖို့ သက်ဆိုင်ရာ တရားရုံး တခုဆီ တင်ပြထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနကလည်း ရဲတပ်ဖွဲ့က ဟာလန်းကို ယာဉ်စည်းကမ်းချိုးဖောက်မှုနဲ့ စွဲချက် တင်ထားကြောင်း ထပ်ဆင့် အတည်ပြုပေးထားသလို ဟာလန်းဟာ စည်းကမ်းချိုးဖောက်မှုကြောင့် ဒဏ်ငွေ ပေါင် ၂၀၀နဲ့ ယာဉ်မောင်းလိုင်စင် ရမှတ်တွေ လျှော့ချခံရနိုင်ကြောင်း ဆိုပါတယ်။