လီဗာပူးလ်အသင်း ရရှိခဲ့တဲ့ ဆုဖလားတွေက မန်စီးတီးအသင်း ဆွတ်ခူးခဲ့တဲ့ ဆုဖလားတွေထက် ပိုပြီး အဓိပ္ပာယ်ရှိတယ်လို့ လီဗာပူးလ် ညာနောက်ခံကစားသမား အလက်ဆန်းဒါး အာနိုးရဲ့ ပြောဆိုမှုက မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းက ပြန်လည် တုံ့ပြန်မှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးလ်တို့ဟာ ဒီနောက်ပိုင်းနှစ်တွေအတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အမြဲတမ်း အပြိုင်အဆိုင် ဖြစ်နေတဲ့ ပြိုင်ဘက်နှစ်သင်း ဖြစ်ခဲ့သလို လက်ရှိမှာလည်း သူတို့နှစ်သင်းအပြင် အာဆင်နယ်ပါ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုအတွက် (၃)သင်းအပြိုင် ဖြစ်နေရပါတယ်။

 

Photo Credit : Sky Sports

ဒီတစ်ပတ်မှာတော့ တိုက်တိုက်ဆိုင်ဆိုင် တနင်္ဂနွေနေ့ညမှာပဲ လီဗာပူးလ်နဲ့ မန်စီးတီးတို့က အန်ဖီးလ်ကွင်းမှာ ထိပ်တိုက် တွေ့ဆုံရဖို့ ရှိနေကြပြီး ဒီပွဲက ချန်ပီယံဆုအတွက် အဖြေပေးနိုင်မယ့် ပွဲစဉ်တစ်ပွဲ မဟုတ်သေးပေမယ့်လည်း အနိုင်ရမယ့် အသင်းကတော့ ချန်ပီယံလုပွဲအတွက် ပိုပြီး အခြေအနေကောင်းသွားဖွယ် ရှိနေပါတယ်။

အခုတော့ ဒီပွဲမတိုင်ခင်မှာပဲ လီဗာပူးလ် ညာနောက်ခံလူ အာနိုးက သူတို့အသင်း ဆွတ်ခူးထားတဲ့ ဆုဖလားတွေက မန်စီးတီးရဲ့ ဆုဖလားတွေထက် အဓိပ္ပာယ် ပိုရှိတယ်လို့ ဆိုလာခဲ့ရာ ဒါကို ဟာလန်းက “သူအနေနဲ့ ဒါကို ပြောချင်တာဆိုရင် ပြောပေါ့။ ဒါက အဆင်ပြေပါတယ်။ ကျွန်တော် ဒီအသင်းမှာ တစ်နှစ်နေခဲ့ပြီးတော့ Treble (ပရီးမီးယားလိဂ်+ချန်ပီယံလိဂ်+အက်ဖ်အေ)ရခဲ့တယ်။”

Photo Credit : Metro

“ဒါက တော်တော်လေး ကောင်းမွန်တဲ့ စိတ်ခံစားချက်မျိုးကို ဖြစ်စေတယ်။ အဲ့ဒီခံစားချက်မျိုးကို သူ သေချာသိနိုင်လိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး။” ဆိုပြီး အာနိုးကို စကားလုံးတွေနဲ့ ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

ဒါ့အပြင် အာနိုးရဲ့ ပြောစကားကို ဟာလန်းအသင်းဖော် နောက်ခံလူ ရူဘင် ဒီယက်စ်ကပါ “Treble ချန်ပီယံ ဖြစ်လာတဲ့အခါ ရလာတဲ့ ခံစားချက်တွေကို ကိုယ်တိုင် ရယူဖူးမှသာ ခံစားသိမြင်နိုင်တာ။” လို့ ပြောဆိုပြီး အာနိုးကို စကားလုံးတွေနဲ့ ပြန်လည် တိုက်ခိုက်သွားခဲ့ပါတယ်။