မန်ချက်စတာစီးတီးလို အရည်အသွေးမြင့် ကစားသမားကောင်းတွေ နှစ်သင်းစာလောက် ပိုင်ဆိုင်ထားတဲ့ ကလပ်အသင်းဆီ အာလင်းဟာလန်း ရောက်လာခဲ့တာက အသင်းအတွက်ရော ကစားသမားအတွက်ပါ အပြန်အလှန် အကျိုးရှိစေတဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်ခဲ့ရတယ်ဆိုတာ ဘောလုံးရာသီအစမှာပင် တွေ့မြင်နိုင်ပါပြီ။ လက်ရှိအချိန်မှာ ဟာလန်းက မန်စီးတီးအတွက် ပြိုင်ပွဲနှစ်ခုအတွင်း သွင်းယူထားနိုင်တဲ့ ဂိုးအရေအတွက်က (၁၇)ဂိုးအထိတောင် ရှိနေရပါပြီ။

Photo Credit : Punchng

သြစတြီးယားကလပ် ဆာလ်ဇ်ဘာ့ဂ် ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်တို့မှာ ခြေစွာခဲ့ပြီး ဂိုးတွေလည်း ဒလဟော သွင်းယူနိုင်ခဲ့သူ ဟာလန်းက ဒီနှစ်နွေမှာပဲ သူရဲ့ဖခင် အယ်လ်ဖီးဟာလန်းရဲ့ ကလပ်အသင်းဟောင်း မန်စီးတီးကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး လက်ရှိမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၁၁)ပွဲ ကစားထားပြီးချိန် သူရဲ့ သွင်းဂိုးက (၁၇)ဂိုးအထိကို ရှိခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာ (၈)ပွဲကစားထားပြီးချိန် ဟာလန်းရဲ့ လိဂ်သွင်းဂိုးက (၁၄)ဂိုးအထိ ရှိနေရပြီး ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ဟာရီကိန်းရဲ့ ဂိုးပမာဏထက်ပင် နှစ်ဆလောက်အထိ ဖြစ်နေရပါတယ်။

Photo Credit : Goal

မနေ့က မန်ချက်စတာဒါဘီပွဲအတွင်း မန်ချက်စတာယူနိုက်တက်အသင်းဘက်ကို ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ဟာလန်းက စီးတီးအတွက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း(၃)ပွဲဆက်တိုက်မှာ ဟက်ထရစ် (၃)ကြိမ် သွင်းယူနိုင်ခဲ့ပြီး သူရဲ့လက်ရှိ သွင်းဂိုးပမာဏက ဒီရာသီ ပရီးမီးယားလိဂ် အသင်း(၁၄)သင်းရဲ့ ရဂိုးတွေထက်ပင် များပြားနေရပါတယ်။ လက်ရှိမှာ အသက်(၂၂)နှစ်အရွယ်သာ ရှိနေသေးပေမယ့်လည်း ဟာလန်းက သူရဲ့စီနီယာ ကစားသမားဘဝမှာ စုစုပေါင်း (၁၇၂)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိ ဘောလုံးလောကရဲ့ GOAT နှစ်ဦးဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုတို့ အသက်(၂၂)နှစ်အရွယ်တုန်းက စွမ်းဆောင်နိုင်ခဲ့တာထက်ပင် အပြတ်အသတ်ကြီး သာလွန်နေခဲ့ပါတယ်။ လက်ရှိ အခြေအနေအရ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုနဲ့ ဥရောပရွှေဖိနပ်ဆုတို့ကို ဆွတ်ခူးနိုင်ဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်နေတဲ့ ဟာလန်းက စီးတီးနဲ့ အသင်းလိုက် အောင်မြင်မှုတွေ ရယူဖို့ အခြေအနေကောင်းနေရတဲ့အပြင် Ballon d’Or လို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအထိပါ မျှော်မှန်းခွင့်တွေ ရလာနိုင်ဖွယ် ရှိနေပါတယ်။