မန်ချက်စတာ စီးတီးအသင်းရဲ့ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်းက သွင်းဂိုးတွေ အမြောက်အများကို သွင်းယူထားနိုင်ခဲ့ပေမယ့်လည်း ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်တော့ မဖြစ်သေးဘူးလို့ နာမည်ကျော် ဘောလုံး Pundit ဂျင်မီ ကာရေဂါက သုံးသပ် ပြောဆိုလိုက်ပါတယ်။

အသက် (၂၃)နှစ်အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး ဟာလန်းဟာ ပြီးခဲ့တဲ့ ရာသီကမှ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့ပြီး သူရဲ့ ပွဲဦးထွက်ရာသီမှာပဲ ပရီးမီးယားလိဂ် သွင်းဂိုးစံချိန်သစ် စိုက်ထူနိုင်ခဲ့သလို ဒီရာသီရဲ့ ပြိုင်ပွဲစုံမှာ ဂိုး (၃၀)အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : CNN

ဒါပေမယ့် ဟာလန်းက အသင်းကြီးတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့ ပွဲစဉ်တွေတိုင်းမှာ ခြေစွမ်းပြသနိုင်ဖို့ရော ဂိုးတွေ သွင်းယူနိုင်ဖို့ပါ ရုန်းကန်နေရတက်ပြီး ကွင်းအတွင်း အသင်းဖော်တွေနဲ့လည်း ချိတ်ဆက် ကစားနိုင်ခြင်း မရှိပဲ ဖြစ်နေရတက်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကာရေဂါက “အာလင်း ဟာလန်းက ကမ္ဘာ့အကောင်းဆုံး ဂိုးသွင်းယူသူတွေထဲက တစ်ယောက်ဆိုတာ သံသယ ဖြစ်စရာ မရှိပေမယ့် ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက်တော့ မဖြစ်သေးပါဘူး။ တကယ့်ကမ္ဘာ့အဆင့် ဖြစ်ဖို့ဆိုရင် သူ့အနေနဲ့ စရိုက်လ္ခဏတစ်ခုထပ် ပိုမိုနိုင်ရပါမယ်။”

Photo Credit : Sky Sports

“ပြီးခဲ့တဲ့ နှစ်(၂၀)အတွင်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေဖြစ်တဲ့ သီယာရီ အွန်နရီ ၊ လူးဝစ် ဆွာရက်ဇ် ဟယ်ရီကိန်းတို့အကြောင်းတွေကို တွေးကြည့်ပါ။ သူတို့က အဓိကပွဲကြီးတွေမှာ ဂိုးသွင်းသွင်း မသွင်းသွင်း အဲ့ဒီပွဲတွေထဲမှာ သူတို့ရဲ့ ကစားပုံတွေက လွှမ်းမိုးမှု ရှိခဲ့ကြတယ်။ သူတို့ဟာ ကမ္ဘာပေါ်က ဘယ်အသင်းမှာမဆို ပါဝင်နိုင်ပြီးတော့ အထင်ကြီးလောက်စရာ တိုက်စစ်ကစားပုံနှုန်းတွေထက် အသင်းမှာ ပိုမို ပါဝင်ပေးနိုင်တယ်။

“ယေဘုယျအားဖြင့် ဟာလန်းက ဒီတိုက်စစ်မှူးတွေနဲ့ တူညီတဲ့ အဆင့်မှာ ရှိမနေသေးဘူး။ သူက ထိပ်တန်း ခံစစ်မှူးတွေနဲ့ ယှဉ်ပြိုင်ခဲ့ရချိန်မှာလည်း ရုန်းကန်ခဲ့ရတယ်။ ထိပ်တန်း နောက်ခံလူတွေနဲ့ ထိပ်တန်း ဂိုးသွင်းစက်တို့ရဲ့ အားပြိုင်မှုမှာ ဘာမှ ဖြစ်မလာခဲ့ရပါဘူး။ သူ့အနေနဲ့ ဂိုးတွေပဲ သွင်းနေမယ် သွင်းဂိုးစံချိန်တွေကိုပဲ ချိုးဖျက်ချင်တယ်ဆိုရင် ဘာမှ ပြောင်းလဲစရာ မလိုပေမယ့် ဘာလွန်းဒေါဆုအထိ မှန်းထားမယ်ဆိုရင်တော့ ပွဲတိုင်းမှာ သူရဲ့ ပါဝင်ကစားနိုင်မှုကို ဒီထက်မက ပိုမိုသွားရပါလိမ့်မယ်။” လို့ သုံးသပ်သွားခဲ့ပါတယ်။