ဘာစီလိုနာအသင်းရဲ့ ဂျာမနီ ကွင်းလယ်ကစားသမားဖြစ်သူ ဂွန်ဒိုဂန်က သူ့အနေနဲ့ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ် ဖိုင်နယ်အဆင့်ဆီကို တက်လှမ်းသွားချင်ကြောင်းနဲ့ သူ့အသင်းဟောင်း မန်စီးတီးနဲ့လည်း ဖိုင်နယ်မှာ ပြန်လည် ရင်ဆိုင်ပါကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

ဂျာမနီ လက်ရွေးစင် ကွင်းလယ်လူ ဂွန်ဒိုဂန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်စီးတီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားကြီး (၃)ခုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒီရာသီမှသာ မန်စီးတီးကနေ ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Reuters

အခုဆိုရင်တော့ ဂွန်ဒိုဂန်ရဲ့ ဘာစီလိုနာအသင်းက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းထားနိုင်ခဲ့ပြီဖြစ်ပြီး ကွာတားမှာတော့ လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းနဲ့ ထိပ်တိုက် တွေ့ဆုံရပါမယ်။

ပီအက်စ်ဂျီနဲ့ ပွဲစဉ်မတိုင်ခင် ဂွန်ဒိုဂန်က “ချန်ပီယံလိဂ် ဖိုင်နယ်မှာ မန်ချက်စတာ စီးတီးအသင်းနဲ့ ရင်ဆိုင်သွားချင်သလားလို့ မေးလာခဲ့ရက် သေချာပေါက် ရင်ဆိုင်သွားချင်ပါတယ်လို့ပဲ ကျွန်တော် ပြန်ဖြေရမှာပါ။ ကျွန်တော် ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ် ဖိုင်နယ်ကို ကစားသွားချင်ပါတယ်။”

Photo Credit : FC Barcelona Noticias

“ဒီလိုသာ ဖြစ်လာမယ်ဆိုရင် အရမ်းကောင်းမှာပါ။ ပြိုင်ဘက်ကတော့ ဘယ်အသင်းနဲ့ပဲ တွေ့ရတွေ့ရ ကိစ္စမရှိပါဘူး။ စီးတီးကလည်း တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ ကစားသမား အစုအဖွဲ့ကို ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းဆိုတာ သေချာပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာက အမြဲတမ်း အလှည့်အပြောင်းတွေ ရှိတက်ပါတယ်။”လို့ ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်မှာ အီတလီ စီးရီးအေကလပ် နာပိုလီအသင်းကို အနိုင်ယူ ကျော်ဖြတ်ခဲ့ပြီး လက်ရှိမှာတော့ အသင်းနည်းပြဟောင်း လူးဝစ် အင်းနရစ် ကိုင်တွယ်နေတဲ့ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။