မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာက သူ့အသင်းသားတွေအနေနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို စိတ်အားထက်သန်စွာ ပါဝင်ဆင်နွဲတာမျိုးထက် စိတ်အေးအေးထားပြီး ကစားသွားဖို့သာ လိုအပ်တယ်လို့ အသိပေး ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ်ဖလား အပါအဝင် တစ်ရာသီတည်း ဆုဖလား (၃)ခုအထိ ပိုင်ဆိုင်ခဲ့ရပြီး လက်ရှိမှာလည်း ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွဲဖို့အတွက် ဆော်ဒီအာရေဗျနိုင်ငံဆီ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Photo Credit : Globe Soccer Awards

မန်စီးတီးအသင်းဟာ ကလပ်အသင်း သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှ မရဖူးသေးတဲ့ ချန်ပီယံလိဂ်ဖလား ဥရောပစူပါဖလားတို့ကို ဒီနှစ်ထဲမှာပဲ ဆက်တိုက် ရယူနိုင်ခဲ့ပြီးနောက် အခုလည်း ကလပ်ကမ္ဘာ့ဖလားကိုပါ ရယူနိုင်ဖို့ (၂)ပွဲသာ ကစားရဖို့ပဲ လိုအပ်ပါတော့တယ်။

မန်စီးတီးက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ AFC ချန်ပီယံလိဂ်ပြိုင်ပွဲ လက်ရှိချန်ပီယံ ဂျေလိဂ်ကလပ် အူရာဝရတ်စ်အသင်းနဲ့ တွေ့ဆုံလို့နေပြီး အူရာဝရတ်စ်ကို ကျော်ဖြတ်နိုင်ခဲ့ရင်တော့ အာဖရိက ချန်ပီယံ အယ်လ်အာလီ နဲ့ တောင်အမေရိက ချန်ပီယံ ဖလူမင်နိစ်တို့ထဲကမှ တစ်သင်းသင်းနဲ့ ဖိုင်နယ်မှာ ထပ်မံ တွေ့ဆုံသွားရပါမယ်။

Photo Credit : Sky Sports

ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာက “ကျွန်တော့် ကစားသမားတွေ ကလပ်ကမ္ဘာ့ဖလားကို ရယူသွားနိုင်ဖို့ အရမ်း အပြင်းအထန် ကစားနေတာမျိုးတွေ ကျွန်တော် မလိုချင်ပါဘူး။ ကစားရမယ့် ပွဲ(၂)ပွဲကို စိတ်အေးအေးထားပြီးသာ ကစားသွားစေချင်ပါတယ်။”

“တကယ်လို့ ကျွန်တော်တို့အသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ အနိုင်မရခဲ့ဘူးဆိုရင်လည်း လာမယ့် အနာဂတ်မှာ ချန်ပီယံလိဂ်ဖလားကို ထပ်ယူပြီး ဒီပြိုင်ပွဲကို ထပ်မံ ဆင်နွဲလို့ ရပါသေးတယ်။ ကျွန်တော်တို့တွေ ဒီပြိုင်ပွဲကို ထပ်ပြီး ပြန်လာဦးမှာပါ။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။