မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာက စပါးအသင်းနဲ့ (၃)ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်း ကွင်းလယ်ဒိုင် ဆီမွန် ဟူးပါးရဲ့ ဆုံးဖြတ်ချက်အပေါ် သူ နားမလည်နိုင်အောင် ဖြစ်မိရတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးအသင်း နဲ့ စပါးအသင်းတို့ဟာ တစ်ဖက်ကို (၃)ဂိုးစီ သရေကျနေစဉ်အတွင်း မန်စီးတီးက တိုက်စစ်ဆင်ဖို့ လုပ်ဆောင်နေချိန်မှာ စပါးဘက်က ပြစ်ဒဏ် ကျူးလွန်ခဲ့ရာ ကွင်းလယ်ဒိုင်က ဆက်ကစားခွင့်ပြုရင်းနဲ့ ဂရီးလစ်ရှ် ဘောလုံးဆွဲပြေးသွားမှသာ ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်လိုက်ပါတယ်။

Photo Credit : Sky Sports

တကယ်လို့ ဂရီးလစ်ရှ်သာ ဘောလုံးဆွဲပြေးခွင့် ရမယ်ဆိုရင် စပါးဂိုးသမား ဗီကာရီယိုနဲ့ တစ်ဦးချင်း ထိပ်တိုက် တွေ့ဆုံရင်း အနိုင်ဂိုးအဖြစ်ပါ ပြောင်းလဲသွားနိုင်မယ့် အခြေအနေ ရှိနေရာ ဒါကို ဒိုင်က ဆက်ကစားခွင့်ပြုပြီးမှ Foul အဖြစ် သတ်မှတ်ပေးလိုက်တာက မန်စီးတီးအတွက် အတော်လေး နစ်နာစေခဲ့ရပါတယ်။

ဒီလို ဒိုင်လူကြီး ဟူးပါးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းက အတော်လေးကို ပေါက်ကွဲခဲ့ပြီး နည်းပြ ဂွာဒီယိုလာနဲ့ စီးတီး ကစားသမားတွေလည်း ဒီဆုံးဖြတ်ချက်အပေါ် လက်မခံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။

Photo Credit : Goal

ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့လည်း စီးတီးနည်းပြ ဂွာဒီယိုလာက “ကွင်းလယ်ဒိုင်က ဆက်ကစားခွင့် ပြုထားပြီးမှ ဒါကို foul အဖြစ် သတ်မှတ်လိုက်ဖို့အတွက် ဝိစီမှုတ်လိုက်ပါတယ်။ ဒါကို ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်ပါဘူး။” လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အခုဆိုရင် ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး ကစားခဲ့တဲ့ (၃)ပွဲဆက်တိုက်အထိ သရေကျခဲ့ရပြီး ဇယားထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့လည်း ရမှတ် (၃)မှတ်အထိ ကွာဟသွားခဲ့သလို အဆင့် (၃)ထိလည်း ကျဆင်းသွားခဲ့ရပါတယ်။