ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ပပ် ဂွာဒီယိုလာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက် ဗဟိုခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ်ဟာ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူး ၅ဦး စာရင်းထဲမှာ ပါဝင်တယ်လို့ ချီးကျူးမှုတွေ လုပ်သွားခဲ့ပါတယ်။

ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးနဲ့ တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်တို့က အက်ဖ်အေဖလား ဗိုလ်လုပွဲအဖြစ် ဝင်ဘလေကွင်းထဲမှာ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်က မန်ချက်စတာ စီးတီးထက် ပိုကောင်းတဲ့ ကစားဟန် ၊ ပိုကောင်းတဲ့ ကြိုးစားအားထုတ်မှုတို့ကို ပြသရင်း အက်ဖ်အေဖလားကို ကိုင်မြှောက်သွားခဲ့ပါတယ်။

Photo Credit: Standard

အထူးသဖြင့် မာတီနက်ဇ်နဲ့ ဗာရန်းတို့ ပြန်လည် ပါဝင်လာတဲ့ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းက မန်ချက်စတာ စီးတီးရဲ့ အဓိက တိုက်စစ်ကစားသမားတွေ ဖြစ်ကြတဲ့ ဘာနာဒို ဆေးလ်ဗား ၊ ဟာလန်းနဲ့ ဖိုဒန်တို့ကို လှုပ်မရအောင် ထိန်းသွားနိုင်ခဲ့ပြီး မာတီနက်ဇ်ဟာ ဟာလန်းကို အကောင်းဆုံး လူကပ် ကစားသွားနိုင်ခဲ့ပါတယ်။

ခံစစ်ပိုင်း ကျစ်လျစ်မှုကြောင့် ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမားတွေ ဖြစ်ကြတဲ့ ဂါနာချို ၊ ရက်ရှ်ဖို့ဒ်နဲ့ ဘရူနိုတို့က လွတ်လွတ်လပ်လပ် ကစားခွင့် ရခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် အနိုင်ဂိုးတွေကို လူငယ်ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ ဂါနာချိုနဲ့ မိုင်နူးတို့က သွင်းယူပေးခဲ့ကြကာ စီးတီးအတွက် ချေပဂိုးကိုတော့ လူစားဝင် တောင်ပံတိုက်စစ် ကစားသမား ဒိုကူက သွင်းယူပေးခဲ့တာပါ။

Photo Credit: Reddit

မန်ချက်စတာ စီးတီး ၁-၂ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ ဂွာဒီယိုလာက ဒီပွဲမှာ သူ့ရဲ့ ပထမပိုင်း ကစားကွက် အခင်းအကျင်းဟာ အလုပ်မဖြစ်ခဲ့ကြောင်း ဝန်ခံသွားခဲ့သလို ဟာလန်းကို ခြေစွမ်းပျောက်သွားအောင် ထိန်းချုပ် ကစားနိုင်ခဲ့တဲ့ ယူနိုက်တက် ခံစစ်မှူး မာတီနက်ဇ်ကလည်း ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူး ၅ဦးထဲမှာ ပါဝင်ကြောင်း ဆိုလာပါတယ်။

ဂွာဒီယိုလာက – “လီဆန်ဒရို မာတီနက်ဇ်က ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူး ၅ဦးထဲမှာ ပါပါတယ်။ ဒီနေ့ပွဲမှာ သူက ကျွန်တော်တို့ရဲ့ ခံစစ်ကြောင်းကို ဖောက်ထွက်နိုင်တဲ့ ပေးပို့မှုတွေ ဆက်တိုက် လုပ်ရင်း ပွဲရဲ့ အခြေအနေကို ပြောင်းလဲသွားစေခဲ့တာပါ” လို့ ပြောကာ မာတီနက်ဇ်ကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။