ပူပူနွေးနွေး ဥရောပ စူပါဖလား ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ၄ရက်တာ ကာလအတွင်းမှာ ဆီဗီးလား ၊ နယူးကာဆယ်တို့လို ကစားရခက်တဲ့ ပြိုင်ဘက်တွေကို အနိုင်ကစားပေးခဲ့တဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကို လေးစားမိကြောင်း မန်ချက်စတာ စီးတီး ၁-၀ နယူးကာဆယ် ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးက ဩဂုတ်လ ၁၇ရက်နေ့မှာ ယူရိုပါလိဂ် ချန်ပီယံ ဆီဗီးလားနဲ့ ဥရောပ စူပါဖလားပွဲ ကန်ခဲ့ရသလို ယနေ့ ဩဂုတ်လ ၂၀ရက်နေ့ မနက်ပိုင်းမှာလည်း နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂)ကို ထပ်မံ ကစားခဲ့ရပါတယ်။

Photo Credit: Manchester City

၄ရက်အတွင်း ၂ပွဲ အထိ ကစားခဲ့ရသလို ခရီးတွေပါ သွားခဲ့ရတာကြောင့် မန်ချက်စတာ စီးတီးက ပွဲပန်းမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပေမယ့် မန်ချက်စတာ စီးတီးရဲ့ ကစားသမားတွေက နယူးကာဆယ်နဲ့ပွဲမှာ စိတ်ရော ၊ လူပါ အားကုန်ထုတ် ကစားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီး ၁-၀ နယူးကာဆယ် ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့တာကြောင့် ပွဲက အတော်လေးကို ကြည့်ကောင်းခဲ့ပြီး အိမ်ရှင် မန်ချက်စတာ စီးတီးက ဧည့်သည် နယူးကာဆယ်ထက် ခြေစွမ်းရော ၊ စိတ်ဓာတ်ပိုင်းပါ ပိုကောင်းနေခဲ့ကာ မန်ချက်စတာ စီးတီး အတွက် တလုံးထဲသော အနိုင်ဂိုးကို ပွဲချိန် ၃၁မိနစ်မှာ တိုက်စစ်မှူး အယ်ဗာရက်ဇ်က လှလှပပ သွင်းယူပေးခဲ့တာပါ။

Photo Credit: Sky Sports

နယူးကာဆယ်ကို သက်တောင့်သက်သာ အနိုင်ကစားပြီးနောက် မန်ချက်စတာ စီးတီး နည်းပြချုပ် ဂွာဒီယိုလာက ပွဲပန်းနေပေမယ့် အကောင်းဆုံး အားထုတ် ကစားသွားတဲ့ သူ့ရဲ့ ကစားသမားတွေကို ချီးကျူးသွားခဲ့ပြီး သူ့ကစားသမားတွေရဲ့ ပွဲတိုင်း အားသွန်ခွန်စိုက် ကစားမယ် ဆိုတဲ့ စိတ်ဓာတ်ကြောင့်ပဲ သူတို့အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဖလား ၃လုံး ချန်ပီယံ ဖြစ်ခဲ့တာပါလို့ ဆိုလာပါတယ်။

ဂွာဒီယိုလာက – “ဒီပွဲက ကျွန်တော်တို့ အတွက် ဒုတိယမြောက် လိဂ်ပွဲပါ။ ဒါပေမယ့် ဒီပွဲမှာ ကျွန်တော်တို့အသင်းက ဘာကြောင့် ပြီးခဲ့တဲ့ရာသီမှာ ဖလား ၃လုံး ချန်ပီယံ ဖြစ်ခဲ့လဲ ဆိုတာကို ကောင်းကောင်းကြီး သက်သေပြခဲ့တဲ့ပွဲလို့ ပြောရပါမယ်။ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ စိတ်ပိုင်းဖြတ်မှုက ကျွန်တော့်ကိုတောင် အံ့အားသင့်စေခဲ့ပါတယ်။ ကျွန်တော်တို့ ကစားရတဲ့ ပြိုင်ဘက် ၊ ဒဏ်ရာပြဿနာတွေနဲ့ အနားယူချိန် မရခဲ့တဲ့ ပြဿနာတွေ ရှိခဲ့ပေမယ့် ကစားသမားတွေက ကောင်းကောင်း ကစားပြနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ခံစစ်ကစားပုံတွေ ၊ ပြေးလွှားပုံတွေနဲ့ အားသွန်ခွန်စိုက် ကြိုးစားမှုတွေက တကယ်ကို အံ့ဩစရာ ကောင်းပါတယ်။ ကျွန်တော်တို့က ဒီပွဲမှာ ကောင်းကောင်း ကစားပြနိုင်ခဲ့သလို နိုင်ပွဲနဲ့လည်း ထိုက်တန်ပါတယ်။ ကျွန်တော်တို့က ဒီထက်တောင် ဂိုးတွေ ပိုသွင်းနိုင်ခဲ့သင့်တာပါ။ ဒီနေ့ပွဲကို အဆုံးအဖြတ် ပေးသွားတာကတော့ ကျွန်တော့်ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းပါပဲ” လို့ သူ့ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကို တခုတ်တရ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။