အာဆင်နယ်အသင်းကတော့ မန်ချက်စတာ စီးတီးအသင်းနဲ့ ရင်ဆိုင်ရလေတိုင်းလိုလိုမှာ ရလဒ်တွေ တောက်လျှောက် ဆိုးရွှားနေခဲ့ရပြီး မနေ့ညက ပွဲစဉ်မတိုင်ခင် နောက်ဆုံး ကစားထားတဲ့ (၁၂)ပွဲဆက်တိုက်အထိ ရှုံးပွဲဆက်ခဲ့ရပါသေးတယ်။

မနေ့ညက အာဆင်နယ်ရဲ့ အိမရိတ်စ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ် နဲ့ မန်စီးတီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်းမှာတော့ အာဆင်နယ်က မာတင်နယ်လီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ မန်စီးတီးကို အနိုင်ယူပြီး မြို့ခံကလပ် စပါးအသင်းနဲ့ ရမှတ် (၂၀)ချင်း တူညီနေပြီး ဂိုးကွာခြားချက်ကြောင့်သာ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နေပါတယ်။

Photo Credit : The Athletic

မနေ့ညက ပွဲစဉ်မှာ မန်စီးတီးအသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင် ဟာလန်းက ပွဲချိန်ပြည့် ပါဝင် ကစားသွားခဲ့ပေမယ့်လည်း ဘောလုံးထိချက်ပေါင်း (၂၃)ချက်သာ ရှိခဲ့ပြီး ပွဲချိန်ပြည့် ကစားခဲ့တဲ့ ကစားသမားတွေ အားလုံးအနက် ဘောလုံးထိချက် အနည်းဆုံး ကစားသမား ဖြစ်ခဲ့ရပါသေးတယ်။

ဒါတွေတင်မကသေးပဲ အာဆင်နယ် ခံစစ် ကစားသမားတွေဖြစ်တဲ့ ဆာလီဘာ နဲ့ ဂါဘရီရယ်တို့ကပါ ဟာလန်းကို အသေအချာ လူကပ် ကစားနိုင်ခဲ့တာကြောင့် ဟာလန်းအနေနဲ့ တစ်ပွဲလုံး အတိုင်းအတာအရ shot တစ်ကြိမ်မှ မရရှိခဲ့တဲ့အထိ ဆိုးရွှားခဲ့ရပါတယ်။

Photo Credit : Visir

ဟာလန်းအပြင် မန်စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာကိုယ်တိုင်ပါ စံချိန်ဆိုးကြီးတစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့ရပြန်ပါသေးတယ်။ မန်စီးတီးက ဒီပွဲစဉ်အတွင်း ဂိုးပေါက် ကန်သွင်းမှု (၄)ကြိမ် လုပ်ဆောင်ခဲ့ပြီး အဲ့ဒီ (၄)ကြိမ်အတွင်း (၁)ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ရင်း ဒီပမာဏဟာ ဂွာဒီယိုလာ မန်စီးတီးအသင်းကို ကိုင်တွယ်နေစဉ်အတွင်း အနည်းဆုံး ဂိုးကန်သွင်းမှု နဲ့ ဂိုးပေါက်တည့်မှု အကြိမ်ရေတွေ ဖြစ်ခဲ့ရပါတယ်။

ဂွာဒီယိုလာကို ဒီလို စံချိန်ဆိုးတွေ ဖြစ်လာအောင် လုပ်ဆောင်နိုင်ခဲ့သူမှာ တစ်ချိန်က ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဂွာဒီယိုလာ တပည့်ကျော် အာတီတာ ဖြစ်နေတာကလည်း ထူးခြားချက်တစ်ခု ဖြစ်နေရပါတယ်။