မနေ့ညက ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်သွားခဲ့တဲ့ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ပုံစံကောင်း ပြသဖို့ ရုန်းကန်ခဲ့ရတဲ့ မန်စီးတီးက ဘာနာဒို ဆေးလ်ဗား နောက်ကျဂိုးနဲ့အတူ အက်ဖ်အေဖလား ဖိုင်နယ်ဆီ (၂)ကြိမ်ဆက်တိုက်အဖြစ် တက်လှမ်းသွားခဲ့ရပါတယ်။

မန်စီးတီးက ဒီပွဲမတိုင်ခင် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုကျော့ပွဲစဉ်ကိုမှ မိနစ် (၁၂၀)အထိနဲ့ ပင်နယ်တီ အဆုံးအဖြတ်အထိ ကစားထားခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ရင်း ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို အဓိက ကစားသမားတချို့ဟာလည်း ပွဲပန်းဒဏ်ကို ခံနေရပါတယ်။

Photo Credit : Sky Sports

ဒီလို ပွဲပန်းနေချိန်မှာပဲ သူတို့ ရင်ဆိုင်သွားရမယ့် ချယ်လ်ဆီးက ဒီရာသီ ထိပ်တိုက် တွေ့ဆုံမှုတွေတိုင်းမှာ လုံးဝ ရှုံးပွဲမရှိအောင် ကစားထားတဲ့ အသင်းဖြစ်တာမို့ မန်စီးတီးအတွက် ခက်ခဲမှု ရှိနိုင်မယ်လို့ တွက်ဆခဲ့ကြပါတယ်။ တကယ်ကစားတော့လည်း စီးတီးတို့ အခွင့်အရေးတွေတောင် မယ်မယ်ရရ မရရှိခဲ့ပဲ ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးကလည်း ဒီရာသီ ဝင်ဘလေကွင်းမှာ ကစားရတဲ့ပွဲတိုင်း ဂိုးသွင်းယူဖို့ ပြသာနာတက်နေရတဲ့ အခြေအနေကြောင့် နီကိုလပ်စ် ဂျက်ဆင်ဆီ ရလာတဲ့ အခွင့်အရေးတိုင်းက လိုအပ်နေတဲ့ ဂိုးတွေအဖြစ် မပြောင်းလဲနိုင်ခဲ့ပဲ တဖြည်းဖြည်းနဲ့ သူတို့ကိုယ်တိုင်ပါ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit : TNT Youtube

ပွဲပြီးခါနီးမှာတော့ ရီးယဲလ်နဲ့ ပွဲစဉ်ထဲ ပင်နယ်တီ အဆုံးအဖြတ်မှာ ဂိုးမဝင်ခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားက စီးတီးအတွက် လိုအပ်နေတဲ့ အနိုင်ဂိုးကို သွင်းယူပြီး အသင်းကို ဖိုင်နယ်ဆီ ပို့ဆောင်ခဲ့ပါတယ်။ အသင်းက နိုင်ပွဲ ရခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ပွဲကနေ နားရက် သေချာမပေးပဲ ပွဲစီစဉ်ထားမှုကိုတော့ နည်းပြ ဂွာဒီယိုလာက ဝေဖန်သွားခဲ့ပါတယ်။ “ဒါဟာ လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကစားသမားတွေရဲ့ ကျန်းမာရေးအတွက်ဆို ဒါက သာမန်မဟုတ်ပါဘူး။”

“ဒီနေ့ ကျွန်တော့်ကစားသမားတွေ ဘယ်လိုများ ရုန်းကန်ပြီး ကစားနေရသလဲဆိုတာကို ကျွန်တော် နားမလည်ပါဘူး။ မနက်ဖြန်တောင် မဟုတ်ပဲ ဘာကြောင့် ဒီနေ့ကို ကစားရတာလဲ။ ကိုဗင်ထရီ ချယ်လ်ဆီးနဲ့ မန်ယူနိုက်တက်တို့လည်း ကြားရက်မှာ ဘာပွဲမှ မကစားထားတာ သူတို့အသင်းနဲ့အတူ ဘာကြောင့် တစ်ရက် အနားပိုမပေးတာလဲ။ ကစားသမားတွေရဲ့ ကျန်းမာရေးအတွက် တစ်ရက်လောက်တောင် အနားမပေးနိုင်တာ ဘာကြောင့်လဲ။” ဆိုပြီး ဂွာဒီယိုလာက မေးခွန်းထုတ် ပြစ်တင်သွားခဲ့ပါတယ်။