ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာက ယခုနှစ် ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုလည်း သူတို့အသင်းကသာ ထပ်မံ သိမ်းပိုက်နိုင်ဖို့ ယုံကြည်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရာသီပိတ်ပွဲ အထိ အကြိတ်အနယ် ကစားရင်း အဓိကပြိုင်ဘက် လီဗာပူးကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ်ပွဲ ၅ပွဲ ယှဉ်ပြိုင် ကစားထားရာ ၄ပွဲနိုင် ၁ပွဲသရေ ဆိုတဲ့ ရလဒ်နဲ့အတူ ရမှတ် ၁၃မှတ် အထိ စုဆောင်းထားနိုင်ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးက ၅ပွဲစလုံး အနိုင်ရထားတဲ့ အာဆင်နယ်ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေသလို သူတို့အသင်းရဲ့ ခြေစွမ်းကောင်းတွေကြောင့် ယခုနှစ် ဘောလုံးရာသီမှာလည်း ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ စီးတီးက သူတို့အသင်းရဲ့ အဓိက ချန်ပီယံလုဘက် အဖြစ် သတ်မှတ်ခံထားရတဲ့ လီဗာပူးကို ရမှတ် ၅မှတ် အထိ ဖြတ်ထားနိုင်ပေမယ့် ပရီးမီးယားလိဂ် ဆုဖလားကို အရယူထားဖူးတဲ့ ကွန်တီရဲ့ စပါးဟာ မန်ချက်စတာ စီးတီးရဲ့ အဓိက ချန်ပီယံလုဘက် ဖြစ်လာနိုင်ချေ ရှိနေပြီး ဂွာဒီယိုလာကတော့ သူတို့အသင်းရဲ့ ပုံစံကောင်းကြောင့် ယခုနှစ်ရာသီရဲ့ ချန်ပီယံဆုကို သူတို့ကသာ ရရှိမယ်လို့ ယုံကြည်ကြောင်း ဆိုလာပါတယ်။

Photo Credit: Standard

ဂွာဒီယိုလာက – “ပရီးမီးယားလိဂ် ဆုဖလားကို ၂နှစ်ဆက်တိုက် ရယူနိုင်ခဲ့ပြီးတဲ့နောက် ကျွန်တော်က ဒီရာသီကြိုမှာ အသင်းရဲ့ တုံ့ပြန်မှုကို သေချာကြည့်ဖို့ ကိုယ့်ကိုယ်ကိုယ် တာဝန်ပေးခဲ့ပါတယ်။ ကျွန်တော်က ဒီနှစ်အတွက် ကစားသမားတွေဆီ ကနေ ဘယ်လိုမျိုး တုံ့ပြန်မှုမျိုး ရလာမလဲ ဆိုတာ အတော်လေးကို သိချင်ခဲ့တာပါ။ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေ စတော့ မြင်လိုက်ရတဲ့ အသင်းရဲ့ ပုံစံကြောင့် ကျေနပ်ခဲ့ရပါတယ်။ (ချန်ပီယံ ထပ်ဖြစ်နိုင်ဖို့ ကြိုးစားမှုအား ရည်ရွယ်လျက်) ကျွန်တော်တို့က နောက်ဆုံး ကစားခဲ့တဲ့ ၅ပွဲမှာလည်း အတော်လေးကို ခြေစွမ်းတည်ငြိမ်ခဲ့တာပါ။ ကျွန်တော်က အသင်းရဲ့ ပုံစံကောင်းကို မပြောင်းလဲချင်ပါဘူး။ ကျွန်တော်တို့တွေ ကစားပုံ ကောင်းနေတာကြောင့် ချန်ပီယံဖြစ်ဖို့ ယုံကြည်မှု ရှိပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။