ပူပူနွေးနွေး ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၇)မှာ ဘရိုက်တန်ကို အဝေးကွင်းမှာ သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ အနိုင်ဂိုး ဖြစ်လာနိုင်တဲ့ ဟာလန်းရဲ့ သွင်းဂိုးကို ပယ်ဖျက်ခဲ့တဲ့ VARဒိုင်ရဲ့ ဆုံးဖြတ်ချက်အား သဘောမကျကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ပွဲ မကစားခင်ထဲက ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံ ဖြစ်သွားခဲ့ပေမယ့် သူတို့ရဲ့ နိုင်ပွဲဆက် စံချိန် မပျက်စီးရေး အတွက် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲစဉ်မှာ နိုင်ပွဲရရှိရေး အတွက် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။

Photo Credit: Man City

ဘရိုက်တန်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြသလို တိုက်စစ်အားသန် ကစားပုံတွေနဲ့ ကစားခဲ့ကြတာကြောင့် ပွဲက အတော်လေး ကြည့်ကောင်းခဲ့ပြီး မန်ချက်စတာ စီးတီးဘက်က တောင်ပံကစားသမား ဖိုဒန်ရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင် ကစားနိုင်ခဲ့ပါတယ်။

ဖိုဒန်က ပွဲချိန် ၂၅မိနစ်မှာ မန်ချက်စတာ စီးတီး အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဦးဆောင်ဂိုး ပေးခဲ့ရပြီးနောက် ဘရိုက်တန်ဘက်က ချေပဂိုး ပြန်လည် ရရှိအောင် အစွမ်းကုန် ကြိုးစားခဲ့ကာ ပွဲချိန် ၃၈မိနစ်မှာတော့ လူငယ်ကြယ်ပွင့် အန်စီဆိုက လှပတဲ့ ကန်ချက်နဲ့အတူ ဘရိုက်တန်အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Metro

တဖက် တဂိုးစီ သရေကျခဲ့ပြီးနောက် နှစ်သင်းစလုံးက အနိုင်ဂိုး သွင်းယူနိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြပေမယ့် နှစ်ဖက် ဂိုးသမားတွေရဲ့ လက်စွမ်းကောင်းတွေကြောင့် သွင်းဂိုးတွေ ထပ်မမြင်ရတော့သလို ပွဲချိန် ၇၉မိနစ်မှာ သွင်းယူနိုင်ခဲ့တဲ့ ဟာလန်းရဲ့ သွင်းဂိုးကလည်း VARဒိုင်ကြောင့် ပြန်လည် ပယ်ဖျက်ခံခဲ့ရပါတယ်။

မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဟာလန်းက ခေါင်းတိုက်ဂိုး သွင်းယူစဉ်မှာ ဘရိုက်တန် နောက်ခံလူ ကိုဝဲလ်ရဲ့ အင်္ကျီကို ဆွဲခဲ့တာကြောင့် VARဒိုင်က ဟာလန်းရဲ့ သွင်းဂိုးကို ပယ်ဖျက်ခဲ့တာ ဖြစ်ပြီး မန်ချက်စတာ စီးတီးနည်းပြ ဂွာဒီယိုလာကတော့ သူဟာ VARဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ကြောင်း ဆိုလာပါတယ်။ ဂွာဒီယိုလာက – “ခင်ဗျားတို့တွေ ဟာလန်းရဲ့ ဂိုးကို သေချာ ပြန်ကြည့်လိုက်စမ်းပါ။ ပြန်ကြည့်ကြဖို့လည်း ပြောချင်ပါတယ်။ တကယ်လို့ ဒိုင်တွေကသာ ဟာလန်းရဲ့ ဒီဂိုးကို ပယ်ဖျက်သင့်တယ်လို့ ယုံကြည်ရင် ဟာလန်းရဲ့ ဂိုးတိုင်းကို ပယ်ဖျက်နေရပါလိမ့်မယ်။ တကယ်လို့ ဟာလန်းရဲ့ အပြုအမူက ပြစ်ဒဏ်ဘော ဖြစ်တယ် ဆိုရင်လည်း ပွဲတိုင်းမှာ ခင်ဗျားတို့က အဲ့ဒီလို ပြစ်ဒဏ်ဘောတွေ အများကြီးကို မြင်နေရပါလိမ့်မယ်။ ဒီဆုံးဖြတ်ချက်က အတော်လေးကို ရယ်စရာကောင်းတဲ့ ဆုံးဖြတ်ချက် တခုပါ။ ဒီဂိုးကို ပယ်ဖျက်ခဲ့လို့ အတော်လေး အံ့ဩမိပါတယ်။ ဒါပေမယ့် အခုချိန်တိုင်းမှာ အဲ့ဒီ ဆုံးဖြတ်ချက်က အရေးမကြီးတော့ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။