ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲမှာ ဆောက်သမ်တန်ကို အဝေးကွင်းမှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် သူတို့အသင်းရဲ့ ခြေစွမ်းနဲ့ ဒီရလဒ်ဟာ ထိုက်တန်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ မန်ချက်စတာ စီးတီးတို့ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပွဲမှာ မန်ချက်စတာ စီးတီးနည်းပြ ဂွာဒီယိုလာက မန်ချက်စတာဒါဘီ အတွက် လူချန်တဲ့အနေနဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဟာလန်း ၊ ဒီဘရိုင်း ၊ မာရက်ဇ် ၊ ဘာနာဒို ဆေးလ်ဗား ၊ ရိုဒရီ ၊ အကန်ဂျီ စတဲ့ ကစားသမားတွေကို အနားပေးခဲ့ပြီး အယ်ဗာရက်ဇ် ၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ရဲ့ တိုက်စစ်တွဲလုံး ၊ ဂန်ဒိုဂန် ၊ ဖီးလစ်နဲ့ ပါလ်မာတို့ရဲ့ ကွင်းလယ်အတွဲ ၊ အကန်ဂျီနဲ့ ဝေါ်ကာတို့ ဦးဆောင်လာတဲ့ နောက်တန်းနဲ့အတူ ဆောက်သမ်တန်ကို ရင်ဆိုင်ခဲ့ပါတယ်။

Photo Credit: Reuters

အိမ်ရှင် ဆောက်သမ်တန်ကတော့ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပြီး ဒီနေ့ပွဲမှာ ဝက်ပရော့စ် ဦးဆောင်လာတဲ့ ဆောက်သမ်တန်ရဲ့ ကွင်းလယ်က ဒီဘရိုင်းနဲ့ ဘာနာဒို ဆေးလ်ဗား မပါတဲ့ မန်ချက်စတာ စီးတီးရဲ့ ကွင်းလယ်ကို အသာစီး ရခဲ့သလို ဗဟိုခံစစ်မှူး အဖြစ် ကစားခဲ့တဲ့ ဝေါ်ကာကလည်း နေရာသစ်မှာ အသားမကျတာကြောင့် ပထမပိုင်းမှာပဲ မန်ချက်စတာ စီးတီးဟာ ဆောက်သမ်တန်ကို ၂ဂိုးပြတ်နဲ့ ဦးဆောင်ခွင့် ပေးခဲ့ရပါတယ်။

၂ဂိုးပြတ် ရှုံးနိမ့်နေပြီးနောက် ဂွာဒီယိုလာက ဟာလန်း ၊ ဒီဘရိုင်း ၊ ရိုဒရီ ၊ အကန်ဂျီတို့ကို ထည့်သွင်းကာ ချေပဂိုးတွေ ပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် အသင်းလိုက် ကစားဟန် မတိုးတက်လာတာကြောင့် ချေပဂိုးတွေ သွင်းယူဖို့ မဖြစ်နိုင်ခဲ့ပဲ သိက္ခာဆယ် ချေပဂိုး တဂိုးတောင် ပြန်မရခဲ့ပါဘူး။

Photo Credit: Reuters

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂွာဒီယိုလာက ဆောက်သမ်တန်ဟာ သူတို့ထက် ပိုကောင်းခဲ့ကြောင်းနဲ့ သူတို့ရဲ့ ခြေစွမ်းပိုင်းက အရှုံးရလဒ်နဲ့သာ ထိုက်တန်မှု ရှိကြောင်း ပြောကြားသွားပါတယ်။

ဂွာဒီယိုလာက – “ဒီညက ကျွန်တော်တို့အတွက် ဆိုးရွားတဲ့ ညတညပါပဲ။ ကျွန်တော်က ဆောက်သမ်တန်ရဲ့ အရည်အသွေးကို ကောင်းကောင်းကြီး သိကြပါတယ်။ ဒီညမှာတော့ ကျွန်တော်တို့က ကိုယ့်ရဲ့ ပုံမှန်ခြေစွမ်းကို မပြနိုင်ခဲ့ပါဘူး။ ချယ်လ်ဆီးလို အသင်းကြီးနဲ့ ကစားပြီး ၃ရက်အကြာမှာ ပြန်ကစားခဲ့ရတဲ့ ပွဲမို့လို့ ကစားသမားတွေကိုတော့ မဆူချင်တော့ပါဘူး။ ဆောက်သမ်တန်က ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ ကျွန်တော်က သူတို့ကို နိုင်ပွဲအတွက် ဂုဏ်ပြုချင်သလို အရှုံးရလဒ်ကိုလည်း လက်ခံပါတယ်။ ကျွန်တော်တို့က မန်ချက်စတာ စီးတီး အတွက် ကစားရင် ပွဲတိုင်းမှာ အကောင်းဆုံး ပုံစံ ပြနိုင်အောင် ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့က မန်ချက်စတာ စီးတီး မဟုတ်ခဲ့ပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။