ပြင်သစ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဂရစ်ဇ်မန်းက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြင်သစ် ၂-၁ ဒိန်းမတ် ပွဲစဉ်မှာ အမ်ဘာပေရဲ့ အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီးနောက် ပြင်သစ်အသင်းရဲ့ သမိုင်းတလျှောက် ဂိုးဖန်တီးမှု အများဆုံး ပြုလုပ်နိုင်တဲ့ ကစားသမား ဖြစ်တဲ့ ဂန္တဝင် ကစားသမားကြီး ဇနက်ဒင်း ဇီဒန်းရဲ့ ဂိုးဖန်တီးမှုစံချိန်ကို လိုက်မှီနိုင်ခဲ့ကြောင်း သိရပါတယ်။

ပြင်သစ်မှာ နောက်ချန်တိုက်စစ်မှူး အဖြစ် ကစားလေ့ ရှိတဲ့ ဂရစ်ဇ်မန်းက ပြင်သစ် ၂-၁ ဒိန်းမတ် ပွဲစဉ်မှာ ပြင်သစ်ရဲ့ အနိုင်ဂိုး ဖြစ်တဲ့ အမ်ဘာပေရဲ့ သွင်းဂိုးကို ညာခြမ်းကနေ လှလှပပ ဖြတ်တင်ကာ ဖန်တီးပေးခဲ့တာ ဖြစ်ပြီး အဆိုပါ ဖန်တီးမှုကြောင့်ပဲ ဂရစ်ဇ်မန်းရဲ့ ပြင်သစ် ကစားသမား ဘဝ စုစုပေါင်း ဂိုးဖန်တီးမှု အရေအတွက်ဟာ ၂၆ကြိမ် အထိ ရှိလာခဲ့ပါတယ်။

Photo Credit: Standard

ပြင်သစ်ရဲ့ သမိုင်းတလျှောက် ဂိုးဖန်တီးမှု အများဆုံး လုပ်ထားနိုင်တဲ့ ကစားသမားဟာ ဂန္တဝင် ကွင်းလယ်လူ ဇနက်ဒင်း ဇီဒန်း ဖြစ်ပြီး ဇီဒန်းဟာ သူ့ရဲ့ ပြင်သစ်အသင်းဖော်တွေ အတွက် ဂိုးဖန်တီးမှု ၂၆ကြိမ် အထိ ပြုလုပ်ပေးခဲ့တာကြောင့် ဂရစ်ဇ်မန်းကလည်း ဇီဒန်းနဲ့အတူ ပူးတွဲ ဂိုးဖန်တီးမှုအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဂရစ်ဇ်မန်းက ဇီဒန်းရဲ့ စံချိန်ကို လိုက်မှီခဲ့သလို သူ့ရဲ့ ကစားသမား ဘဝ အဆုံးမသတ်မီ အထိ ပြင်သစ်အတွက် ဆက်လက် ကစားပေးရဖို့ ရှိနေတာကြောင့် ဂရစ်ဇ်မန်းဟာ ပြင်သစ်ရဲ့ သမိုင်းတလျှောက် ဂိုးဖန်တီးမှု အများဆုံး ပြုလုပ်ပေးနိုင်တဲ့ ကစားသမား ဆိုတဲ့ စံချိန်မှတ်တမ်းကောင်းကို ဇီဒန်းလက်ထဲ ကနေ လွှဲပြောင်းရယူနိုင်ဖို့ ရှိနေပြီး ဂရစ်ဇ်မန်းကတော့ သူဟာ ဇီဒန်းရဲ့ စံချိန်ကို လိုက်မှီနိုင်ခဲ့တဲ့ အတွက် ပျော်ရွှင် ဂုဏ်ယူမိကြောင်း ဆိုလာပါတယ်။

Photo Credit: Standard

ဂရစ်ဇ်မန်းက – “ဇီဒန်းရဲ့ မှတ်တမ်းကို လိုက်မှီနိုင်ခဲ့တဲ့ အတွက် ကျွန်တော်က အတော်လေးကို ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ကျွန်တော် အခုလိုမျိုး မှတ်တမ်းကောင်းကို ရယူနိုင်ခဲ့တာဟာ အသင်းဖော်တွေရဲ့ အကူအညီတွေကြောင့်ပါ။ လူတွေက ဒီညမှာ စံချိန်သစ် တခု ရသွားတဲ့ အတွက် ကျွန်တော့်ရဲ့ အကြောင်းကို ပြောနေကြပါလိမ့်မယ်။ ဒါပေမယ့် ဒီညမှာ အသင်းသားတိုင်းက သူတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ထုတ်ပြနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ စံချိန်ထက် အသင်း နိုင်ပွဲရပြီး ရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားနိုင်ခဲ့တာဟာ ပိုပြီးတော့ အရေးကြီးပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။