ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲမှာတော့ လက်ရှိ ကမ္ဘာ့ချန်ပီယံ ပြင်သစ်က ပေါ်တူဂီနဲ့ စပိန်တို့ကို ဖြုတ်ချနိုင်ခဲ့တဲ့ မော်ရိုကိုကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲဆီ တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ပြင်သစ်နဲ့ မော်ရိုကိုတို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ကြပြီး ပြင်သစ်က အသင်းကြီး ဖြစ်နေပေမယ့် ဘောလုံးကိုင် ကစားတာမျိုး မလုပ်ခဲ့ပဲ မော်ရိုကိုကိုသာ ဘောလုံးကိုင်ခွင့် ပေးခဲ့ကာ သူတို့ရဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ် ကနေ မော်ရိုကိုကို ဒုက္ခပေးဖို့ စီစဉ်ခဲ့ပါတယ်။

Photo Credit: Al Jazeera

မော်ရိုကိုကတော့ စပိန်နဲ့ ပေါ်တူဂီကို အနိုင်ရခဲ့စဉ်က အတိုင်းပဲ မာမာထန်ထန် ကစားဖို့ ဆုံးဖြတ်ခဲ့ပြီး သူတို့အသင်းရဲ့ ခပ်ပြင်းပြင်း ဖျက်ထုတ်မှုတွေနဲ့ ပြင်သစ်ကို အတိုင်းအတာ တခု အထိ ဟန့်တားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အရည်အသွေးမြင့် ကစားသမား ပိုမို များပြားတဲ့ ပြင်သစ်ကပဲ ပွဲကို စိုးမိုးနိုင်ခဲ့ပြီး ပွဲချိန် ၅မိနစ်မှာ ဂိုးဧရိယာအတွင်း ရှုပ်ယှက်ခတ်နေတဲ့ အနေအထား ကနေ ပြင်သစ် ဘယ်နောက်ခံလူ ဟာနန်ဒက်ဇ်က ပြင်သစ်အတွက် ဦးဆောင်ဂိုးကို သွင်းယူနိုင်ပေးခဲ့ပါတယ်။

ပြင်သစ်ကို အဖွင့်ဂိုး ခွင့်ပြုခဲ့ရပြီးနောက် မော်ရိုကိုက ချေပဂိုး ရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး မော်ရိုကို ကစားသမားတွေရဲ့ အချိတ်အဆက်တွေနဲ့ အတိုးအလှုပ်တွေက ဗာရိန်း ဦးဆောင်နေတဲ့ ပြင်သစ်ခံစစ်ကို အတော်လေး ဒုက္ခပေးနိုင်ခဲ့ကာ ပြင်သစ် ဂိုးသမား လော်ရစ်ရဲ့ အကောင်းဆုံး လက်စွမ်းကြောင့်သာ မော်ရိုကိုဟာ လိုအပ်နေတဲ့ ချေပဂိုးကို မရခဲ့တာပါ။

Photo Credit: Al Jazeera

ပွဲချိန် ၇၉မိနစ်မှာတော့ ပြင်သစ်ရဲ့ လူစားဝင် တိုက်စစ်မှူး ဖြစ်တဲ့ မူအာနီက ပြင်သစ်အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ပြင်သစ်ဟာ မော်ရိုကိုကို ၂ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် အတော်လေး ရုန်းကန် ကြိုးစားခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ ပြင်သစ်ရဲ့ အဓိက တိုက်စစ်မှူး ဂရစ်ဇ်မန်းက သူတို့ဟာ ဆီမီးဖိုင်နယ်မှာ အနိုင်ရခဲ့ပေမယ့် အောင်ပွဲခံဖို့ အချိန်မရှိပဲ မက်ဆီ ဦးဆောင်နေတဲ့ အာဂျင်တီးနားနဲ့ ဖိုင်နယ်ပွဲ အတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ရတော့မယ်လို့ ပြောခဲ့သလို မက်ဆီလို ကစားသမားမျိုးကို ဖိုင်နယ်ပွဲမှာ ပြိုင်ဘက်အဖြစ် ရင်ဆိုင် ကစားရမှာဟာ အတော်လေး ခက်ခဲနိုင်ကြောင်း ဆိုလာပါတယ်။

ဂရစ်ဇ်မန်းက – “မက်ဆီကို ပိုင်ဆိုင်ထားတဲ့ အသင်းတိုင်းဟာ ရင်ဆိုင်ဖို့ ခက်တဲ့ အသင်း ဖြစ်နေပါလိမ့်မယ်။ ကျွန်တော်တို့က အာဂျင်တီးနားရဲ့ ကစားပုံကိုလည်း မြင်တွေ့ဖူးပြီးသားပါ။ သူတို့က အရမ်းကို ကစားဖို့ ခက်တဲ့ အသင်းပါ။ အခုချိန်မှာ သူတို့က အမြင့်ပျံ ခြေစွမ်းတရပ်ကို ရထားပါတယ်။ ဒါဟာ မက်ဆီ တယောက်ထဲ ရှိနေလို့ မဟုတ်ပါဘူး။ သူတို့မှာ တခြား အရည်အသွေးမြင့် ကစားသမားတွေ ရှိနေပါသေးတယ်။ ကျွန်တော်တို့က ဖိုင်နယ်ပွဲဟာ ခက်ခဲမယ့် ပွဲတပွဲ ဆိုတာ သိထားပါတယ်။ သူတို့မှာ များပြားလှတဲ့ ပရိသတ်တွေလည်း ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့က မနက်ဖြန်မှာပဲ ကြိုတင် ပြင်ဆင်မှုတွေ စလုပ်ရပါမယ်။ ကျွန်တော်တို့တွေ သူတို့ကို ဘယ်လို အနိုင်ယူမလဲ ဆိုတာကို စပြီး ပြင်ဆင်ရပါတော့မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။