ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် အီတီဖာအသင်းရဲ့ နည်းပြဖြစ်သူ စတီဗင် ဂျရတ်က မနေ့ကပဲ မန်ယူနိုက်တက်အသင်းနဲ့ လမ်းခွဲသွားခဲ့တဲ့ တိုက်စစ်မှူးလေး မေဆန် ဂရင်းဝုဒ်ကို သူ့အသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။
အင်္ဂလန် လက်ရွေးစင်ဟောင်း ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ အတူနေ ချစ်သူမိန်းကလေးအပေါ် မုဒိန်းမှု အကြမ်းဖက်မှုတွေနဲ့ စွဲချက်တင်ထားပြီးမှ ပြန်လည် လွတ်မြောက်လာခဲ့ရာ ယူနိုက်တက်ကလည်း ဂရင်းဝုဒ်ကို ပြန်အသုံးပြုသွားဖို့ပါ စီစဉ်ထားခဲ့ပါတယ်။
Photo Credit : TEAMtalk
ဒါပေမယ့် အသင်းရဲ့ အမျိုးသမီး ပရိသတ်တွေနဲ့ ဝန်ထမ်းတွေကို ဂရင်းဝုဒ်ကို အသင်းနဲ့ ပတ်သက်မှု မရှိနေစေဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ ကန့်ကွက်မှုတွေ လုပ်ဆောင်လာခဲ့တာကြောင့် နောက်ဆုံးမှာ နှစ်ဦးသဘောတူ လက်ရှိ စာချုပ်ကို ဖျက်သိမ်းဖို့ သဘောတူခဲ့တာဖြစ်ပြီး လမ်းခွဲခဲ့ပါတယ်။
ဒီလို အသင်းလက်မဲ့ ဖြစ်သွားရတဲ့ ဂရင်းဝုဒ်ဟာ အင်္ဂလန် ကလပ်အသင်းတွေမှာ သူရဲ့ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းဖို့ဆိုရင် ဆန့်ကျင် ကန့်ကွက်မှုများ ဖိအားပေးမှုများနဲ့ ရင်ဆိုင်သွားရဖို့ ရှိနေတာကြောင့် ဂရင်းဝုဒ်အနေနဲ့ ပြည်ပ ကလပ်အသင်းတွေမှာသာ သွားရောက် ကစားရနိုင်ပါတယ်။
Photo Credit : Sky Sports
ဂရင်းဝုဒ်ကို အီတလီ ၊ တူရကီ နဲ့ ဆော်ဒီကလပ်အသင်းတွေက ခေါ်ယူချင်နေပြီး ဂရင်းဝုဒ်နဲ့ သတင်းအထွက်ဆုံး ဖြစ်နေတဲ့ ရိုးမားကတော့ သူတို့အသင်းအနေနဲ့ ဂရင်းဝုဒ်ကို စိတ်ဝင်စားခြင်း မရှိကြောင်း တုံ့ပြန်ထားခဲ့ပါတယ်။
ဒီအချိန်မှာ ဂျရတ်က သူရဲ့ အယ်လ် အီတီဖာအသင်းဆီက ဂရင်းဝုဒ်ကို ခေါ်ဆောင်သွားချင်နေပြီး တိုက်စစ်မှာ လိုင်ယွန် ကစားသမားဟောင်း မူဆာ ဒမ်ဘီလီနဲ့ တွဲဖက်ပေးသွားချင်နေပါတယ်။ ဒါ့အပြင် ဂရင်းဝုဒ်အတွက် တစ်နှစ်လုပ်ခ ပေါင် (၁၀)သန်းအထိ ပေးချေသွားဖွယ်လည်း ရှိနေပါတယ်။